menu

ဆန်ချောတစ်အိတ် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင် ဈေးထပ်တက်


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

◀️ အရန်ဆန်တွေထုတ်ရောင်းပြီး ဆန်ဈေးနှုန်းမြင့်တက်တာကိုထိန်းဖို့လုပ်နေပေမယ့် ကုန်စည်ဒိုင်ဈေးမှာတင် ဆန်ချောတစ်အိတ်ကို ကျပ် ငါးထောင်မှ တစ်သောင်းဝန်းကျင် ထပ်တက်လာတယ်လို့ ယနေ့ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဈေးအရ သိရပါတယ်။

◀️ ဇူလိုင်လ(၂၈)ရက်က ကုန်စည်ဒိုင်ဈေး ပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၉၇,၀၀၀ ဝန်းကျင် အမြင့်ဈေးရှိနေရာမှ ယနေ့ ပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ်တစ်သိန်းထိ ဈေးထပ်တက်လာခဲ့ပါတယ်။

◀️ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ရှိခဲ့ရာမှ ယနေ့ ကျပ် ၁၂၅,၀၀၀ ထိ ထပ်တက်လာခဲ့ပြီး ၂ရက်အတွင်း ဆန်တစ်အိတ် ကျပ်တစ်သောင်းဝန်းကျင် ထပ်တက်လာခဲ့ပါတယ်။ အခြားသီးထပ်ရှယ်၊ ဖျာပုံရက်(၉၀)စတဲ့ ဆန်အမျိုးအစားတွေကလည်း တစ်အိတ်ကို ကျပ် ၅,၀၀၀ ဝန်းကျင်ထပ်တက်လာခဲ့ပါတယ်။

◀️ “လစာထုတ်ရက်တွေဆိုတော့ ဆန်ဈေးကထပ်တက်လာတယ်။ ဆန်က ဈေးကွက်မှာပုံမှန်အဝင်ရှိပြီး အရောင်းအဝယ်ကလည်း ကောင်းနေတယ်”လို့ ဆန်ရောင်းဝယ်သူတစ်ဦးကပြောပါတယ်။

◀️ လက်ရှိ ဆန်ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေက ကျပ် ၆၀,၀၀၀ အောက်ဈေးရှိတဲ့ဆန်တွေကို ရွေးချယ်စားသုံးလာကြပြီး အဲ့ဒီဆန်အမျိုးအစားတွေက အရောင်းအဝယ် ပိုဖြစ်တယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။

◀️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဆန်ဈေးမြင့်တက်တာကို ထိန်းနိုင်ဖို့ အရန်ဆန်အိတ်ရေ ၅၀၀၀၀ ကို ထုတ်ရောင်းပေးမယ်လို့ ဇူလိုင်(၂၈)ရက်က ကြေညာထားခဲ့ပေမယ့် ဆန်ဈေးကတော့ ဆက်တိုက်ဆက်လက်မြင့်တက်နေပါတယ်။

◀️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : Myanma Platform 

၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်