menu

နှမ်းသီးနှံ ဈေးကွက်အခြေအနေ


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

✔️နှမ်းလက်ကျန်နည်းနေပြီး တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်တော့မည်ဖြစ်၍ နှမ်းဈေးများ မြင့်တက်နေကြောင်းသတင်းရရှိပါသည်။ ပြည်တွင်း၌နှမ်းလက်ကျန်နည်းနေသည့်အတွက် ဈေးနှုန်းများမြင့်တက်နေကြောင်း နှမ်းကုန်သည်များ ထံမှသိရသည်။ ငွေဈေးတက်နေသည့် အပြင်ပြီးခဲ့သည့် နှမ်းရာသီတွင် အထွက်နှုန်း ထက်ဝက်ကျော် လျှော့ကျခဲ့ပြီး ယခုနှစ် မိုးနှမ်းစိုက်ခြင်းကို ဇွန်လလယ်မှသာ စိုက်ပျိုးခဲ့သောကြောင့် နှမ်းစိုက်ချိန် နောက်ကျခဲ့ကာ အောက်တိုဘာလဆန်းပိုင်းမှသာ သီးနှံပြန်လည်ပေါ်မည်ဖြစ်ကြောင်း တောင်သူများ ထံမှ သိရသည်။

✔️ပြည်တွင်း လက်ကျန်နည်းနေချိန်တွင် တရုတ်နယ်စပ်ဂိတ်များ မကြာခင် ပြန်လည်ဖွင့်ပေးတော့မည် ဖြစ်၍ ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကာ ဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။ “ အဓိက ကငွေဈေးလဲတက်လို့ပါ နှမ်းဈေးတွေတက်တာက နောက် ပြီးအထွက်နည်းခဲ့တော့ မကွေး၊ အောင်လံ ဘက်ကနှမ်းက ရှားလာတယ် ။ စိုက်ဧကလဲ နည်းတော့ ဒီ ဈေးကတော့ မကျတော့ဘူး။ တရုတ်လိုင်းကလဲ ဖွင့်တော့မယ်ဆိုတော့ ကျန်တဲ့ သီးနှံကလဲ ဈေးတွေ တက်နေတယ် နှမ်းပဲကျန်တော့တာဆိုတော့ အရောင်းအဝယ်သမားတွေ၊ လှောင်သမားတွေက ပိုပြီး စိတ်ဝင်စားနေတယ်” ဟု အောင်လံကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မိုး က ပြောသည်။

✔️ယခင် ကိုဗစ်ကြောင့် နှမ်းနက် ၄၅ပိသာဝင်တစ်အိတ်ကို ၁၅၅,၀၀၀ ထိ ပေါက်ဈေးသာရှိပြီး လက်ရှိတွင် တရုတ်ဘက်မှ ပြန်လည်ဝယ်ယူတော့မည့် အလားလာရှိ၍ ၄၅ပိသာဝင် တစ်အိတ်ကို မန္တလေးတွင် ၁၉၅,၀၀၀၊ အောင်လံတွင် ၁၈၅,၀၀၀ ထိ မြင့်တက်နေကြောင်းသိရသည်။ လက်ရှိတွင် တရုတ်လိုင်းမှ နောက်အပတ်တွင်ပြန်လည်ဖွင့်တော့မည်ဖြစ်၍ အဆင်သင့်ဖြစ်ရန် ဈေးကွက်တွင် အဝယ်လိုက် နေကြောင်းလည်း သိရသည်။ 

✔️“အဓိက နှမ်းအထွက်နှုန်းလျော့ခဲ့လို့ ပစ္စည်းအနည်းငယ်ပြတ်ပြီး ဈေးတက်တာ” ဟု မြန်မာနိုင်ငံ ပဲ၊နှမ်း အသင်းမှအဖွဲ့ဝင် ဦးဉာဏ်ဝေ ကပြောသည်။ နှမ်းဖြူမှာ ၄၅ပိသာ ဝင်တစ်အိတ်လျှင် ၁၃၈,၀၀၀ ရှိပြီး နှမ်းနီမှာ ၄၅ပိသာဝင် တစ်အိတ်လျှင်၁၁၀,၀၀၀ ထိ ရှိကြောင်း ကုန်သည်များထံမှ သိရသည်။ ယခုနှစ် မိုးနှမ်းစိုက်ပျိုးချိန်မှာနောက်ကျခဲ့သလို အထွက်နှုန်းလဲ လျော့ကျမည်ဖြစ်ကြောင်း တောင်သူများက သုံးသပ်ကြသည်။ “ဒီနှစ် မိုးနှမ်းက ပုံမှန်ထက်နောက်ကျမယ် အောက်တိုဘာလဆန်းလောက်မှ ထွက်မယ်။ အထွက်နှုန်းကတော့သုံးပုံပုံတစ်ပုံလောက်ထိ ကျသွားနိုင်ပါတယ်။ ရာသီဥတုဖောက်ပြန်ရင် နှမ်းအထွက်နှုန်းအပြင် နှမ်းအရည်အသွေးပိုင်းလည်းကျဆင်းနိုင်တယ်” ဟု နှမ်းစိုက်တောင်သူ တစ်ဦးက သုံးသပ်ပြောသည်။

✔️ပြည်တွင်းပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင်တန်ချိန် ၆သိန်းမှ ၈သိန်းထိ ထွက်လေ့ရှိကြောင်း သိရသည်။ မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်ဝမ်တို့ကိုလည်း တင်ပို့ လေ့ရှိပြီး တရုတ်နိုင်ငံတစ်ခုတည်းသာအာထားတင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပြီး မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ ထွက်ရှိသည့် နှမ်းနက်သည်အရည်အသွေးအလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှ အလွန်နှစ်သက်ကြောင်း လည်း လေ့လာတွေ့ရှိရသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : အက္ခရာ(AMIA)