menu

နှစ်သစ်ကူးကာလ ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက်အခြေအနေ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

▶️နှစ်သစ်ကူးကာလတွင် အသစ်ဝင်မတ်ပဲနှင့် ပဲစင်းငုံ အရောင်းအဝယ်ခပ်သွက်သွက်ဖြစ်နေသော်လည်း ဈေးကောင်းမရရှိသေးကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။

▶️ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံတို့မှာ ဈေးကွက်အတွင်း အသစ်ဝင်ရောက်လာပြီး ဈေးအနည်ငယ် ကျဆင်းနေသော်လည်း အရောင်းအဝယ် ခပ်သွက်သွက်ရှိနေကြောင်း၊ ဒေါ်လာဈေးတည်ငြိမ်နေလို့ အဝယ်သမားများ ထိန်းဝယ်နေတာကြောင့် ဈေးမြင့်တက်လာခြင်းမရှိသေးကြောင်း၊ အခြားပဲသစ်များ ဇန်နဝါရီလလယ်လောက်ခန့် ဝင်ရောက်လာချိန်တွင် ပဲ၊ နှမ်း ဈေးကွက် ပိုမိုအရောင်းအဝယ်သွက်လာ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လက်ကျန်နည်းလာသည့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဆက်လက် ဈေးကောင်းနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

▶️“အခုရက်ပိုင်းမှာ မတ်ပဲအသစ်တွေ အများဆုံးဝင်ရောက်လာပါတယ်။ တစ်အိတ် ၁၆၀,၀၀၀ - ၁၆၃,၀၀၀ ငွေကျပ် ပေါက်ဈေးရှိပါတယ်။ ဒုတိယအများဆုံးက ပဲစင်းငုံဖြစ်ပါတယ်။ တစ်ရက်အိတ် ၁,၀၀၀ ကျော် ဝင်ရောက်နေပါတယ်။ ပေါက်ဈေးတစ်အိတ်ကို ငွေကျပ် ၁၆၀,၀၀၀ ကျော် ပေါက်ဈေးနဲ့ အဝယ် သွက်သွက်လက်လက်ရှိနေပါတယ်။ ဒေါ်လာငွေဈေး တည်ငြိမ်နေလို့ ခပ်ထိန်းထိန်းဝယ်ယူနေ ကြပါတယ်။ ကျန်တဲ့ပဲတွေကတော့ နည်းနည်းပါးပါးပဲဝင်နေသေးတယ်။ အသစ်ဝင် မြေထောက်ပဲက တစ်အိတ် ငွေကျပ် ၂၀၅,၀၀၀ ပေါက်ဈေးရှိတယ်။ ပဲမျိုးစုံအသစ်ဈေးကွက်ကတော့ ဇန်နဝါရီလလယ် လောက်မှ အဝင်စုံလာမယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုကတော့ အသစ်၊ အဟောင်း စပ်ကူးမက်ကူး ကာလမှာ ဈေးဆက်လက်ကောင်းနေတယ်။ နှမ်းမျိုးစုံနှင့် မြေပဲဆန်ကတော့ ဈေးပုံမှန်သာရှိနေပါတယ်။ ပဲမျိုးစုံကို နယ်စပ်တင်ပို့ရောင်းချမှုကတော့ အားရစရာမရှိသေးပါဘူး။ လက်ရှိမှာ ပဲ၊ နှမ်း နယ်စပ်တင်ပို့ မှုအတွက် ပို့ကုန်လိုင်စင်လျှောက်ထားပြီး တင်ပို့နေရပါတယ်။ လက်ရှိကုန်သွယ်ရေးလမ်းကြောင်း မှာလည်း လုံခြုံရေးအရ စစ်ဆေးမှုတွေတင်းကျပ်နေပါတယ်” ဟု ၄င်းကပြောသည်။

🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘

အသစ်ဝင်လာသည့် မတ်ပဲနှင့် ပဲစင်းငုံတို့ ဈေးကွက်အတွင်း အရောင်းအဝယ် ခပ်သွက်သွက်ဖြစ်နေရာ ဒီဇင်ဘာ(၂၈)ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၆၇,၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၆၃,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိသည်။ အသစ်ဝင်ပို့ကုန်ပဲများ အရောင်းအဝယ်ကောင်းနေသော်လည်း နှမ်းမျိုးစုံ နှင့် မြေပဲဆံမှာ ဈေးအေးလျက် ရှိကြောင်းသိရသည်။

🥜နှမ်း နှင့် မြေပဲ🥜

နှမ်းနက်(၄၅)ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ နှမ်းဖြူ(သစ်)ငွေကျပ် ၂၆၅,၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၆,၂၀၀ - ၆,၃၅၀၊ ဆီဆံတစ်ပိဿာ ငွေကျပ် ၄,၆၀၀ -၄,၈၀၀ ပေါက်ဈေးရှိနေသည်။ 

▶️ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အဟောင်းကုန်အသစ်ဝင်ကာလဖြစ်တာကြောင့် ဈေးအနည်းငယ် ဆက်လက်မြင့်တက်လျက်ရှိရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၁၉၇,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၂၃,၀၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၁၀,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၁၆၅,၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေ ကျပ် ၁၃၀,၀၀၀၊ မြေထောက် ပဲတစ်အိတ်လျှင် ငွေကျပ်၂၀၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀ ပေါက်ဈေး ဖြစ်သည်။

▶️သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း