menu

“ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် ပဲဈေးများ သိသိသာသာကျဆင်း”


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

➡️ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ် ဧပြီ (၁) ရက်(သောကြာနေ့)က အပိတ်ဈေးထက် ဧပြီ (၄) ရက် (တနင်္လာ) အဖွင့်ဈေးကွက်ကြား ပဲဈေးတွေ သိသိသာသာ ပြုတ်ကျသွားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ (၁) ရက်က ၁ တန်ကို ၁,၄၇၀,၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်ဖ်အေကျူ၊အာစီ) ဈေးဟာ ကျပ် ၈၅,၀၀၀ ပြုတ်ကျပြီး တစ်တန်ကို ၁,၃၈၅,၀၀၀ ဈေးသာ ရှိပါတော့တယ်။ တစ်တန်ကို ၁,၆၅၀,၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်စ်ကျူအာစီ) ဈေးဟာလည်း ကျပ် ၁ သိန်းထိ ကျသွားခဲ့ပြီး တစ်တန်ကို ၁,၅၅၀,၀၀၀ ဈေးသာ ရှိတော့တယ်လို့ သိရပါတယ်။

➡️ပဲစင်းငုံနီ (အာစီ - ၂၀၂၁) ဈေးဟာလည်း ကျပ် ၈၅,၀၀၀ ဈေးပြုတ်ကျသွားပြီး တစ်တန်ကို ၁,၃၇၀,၀၀၀ သာ ရှိတော့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးတွေလည်း အကျဘက်မှာရှိခဲ့ပြီး တစ်ပိဿာကို ၆၅ ကျပ်ခန့်ဈေးကျသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ စွန်တာနီ/ပြာ၊ ကုလားပဲ စတဲ့ ပဲဈေးတွေလည်း အနည်းငယ်စီ အကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။ 

➡️ပြီးခဲ့တဲ့တစ်ပတ်အတွင်း မတ်ပဲ တင်ပို့ခွင့်ကာလကို အိန္ဒိယနိုင်ငံက တစ်နှစ် သက်တမ်းတိုးပေးလိုက်တဲ့ အချိန်မှာ မတ်ပဲဈေးတွေ ပြန်ကျဆင်းသွားခဲ့ပေမယ့် သိသိသာသာကျဆင်းခြင်းတော့ မရှိဘဲ လက်တလောမှာ ဈေးတွေကျဆင်းနေပေမယ့် ငွေကြေးဈေးနှုန်းမြင့်မားမှုတွေကြောင့် အများကြီး ကျဆင်းနိုင်ခြေမရှိဘူးလို့ ဧရာကုန်သွယ်မှုဗဟိုဌာနက သုံးသပ်ထားခဲ့တာဖြစ်ပါတယ်။ 

➡️ဒါပေမဲ့ အခုတစ်ပတ်အဖွင့်မှာတင် ဈေးတွေသိသိသာသာကျသွားခဲ့တာဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ ဧပြီ(၃) ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲဖြစ်ပေါ်လာပြီးနောက် ကုန်စည်ဈေးနှုန်း အချို့မှာ ဈေးနှုန်းအပြောင်းအလဲတွေ ရှိနေတာဖြစ်ပါတယ်။

➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : AMIA Market News