menu

ဆန်ကွဲ တင်ပို့မှု ဈေးကောင်းရနေ


➡️တရုတ်နိုင်ငံမှ အဝယ်လိုက်နေသည့်အတွက် ပြည်တွင်းဆန်ကွဲဈေးကောင်းရနေကြောင်း ကုန်သည်များ ထံမှ သိရသည်။ယခင်က တရုတ်နှစ်သစ်ကူးကာလတွင် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ ဆန်တင်ပို့မှုကိုရပ်နားထားခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်မှ ၂၀၂၁နှစ်အတွက် ဆန်ကုန်သွယ်ခွင့် ပါမစ် များအား ယခင်နှစ်များထက် ပိုမိုချထားပေးထားသောကြောင့် ဝယ်လိုအားများကာ ဈေးကောင်းရနေ ခြင်းဖြစ်ကြောင်း သိရသည်။

➡️ပြီးခဲ့သည့် နှစ်များက ဆန် နှင့်ဆန်ကွဲ သည် တရုတ်ငွေယွမ် ၂၀ ခန့် ကွာခါ အရောင်းဝယ် ရှိခဲ့ပြီး ယခုနှစ် တွင် ဆန် နှင့် ဆန်ကွဲ မှာ ဈေး သိပ်မကွာပဲ ဈေးကောင်းရနေကြောင်း ကုန်သည်များ ထံမှသိရသည်။ ၂၀၂၀ နှစ် ကာလတူတွင် ကီလို ၅၀ ပါ ဆန်ကွဲ တစ်အိတ်လျှင် ၁၁၅ ယွမ် သာရှိခဲ့ ပြီး လက်ရှိတွင် ကီလို ၅၀ ပါဆန်ကွဲ တစ်အိတ်လျှင် ၁၂၉ ယွမ် အထိ ဈေးရကြောင်းသိရသည်။ 

➡️ "ဆန်ကွဲ က ဆွဲလိုအားများတယ်၊ ၂၀၂၀နဲ့ မတူဘူး။ တရုတ်နိုင်ငံ ဘက်က အခုနှစ်မှာ ပါမစ်တွေ အများကြီးချပေးထားတယ်။ ပြီးခဲတဲ့ ၂၀၂၀ထက် ဝယ်လိုအား ၃ဆလောက် မြင့်သွားတယ်။ အရင်က ဆန်နဲ့ဆန်ကွဲဈေးတော်တော်ကွာတယ်။ အခုသိပ်မကွာတော့ဘူး" ဟု မူဆယ်ဆန်ကုန်စည်ဒိုင်ဒု ဥက္ကဋ္ဌ ဦးမင်းသိန်း က ပြောသည်။ ယင်းအပြင် ဆန်ကွဲတင်ပို့ရာတွင် ပါမစ်ကြေးပေးစရာမလိုသည့်အတွက် အဆင်ပြေနေကြောင်းလည်း သိရသည်။ 

➡️လက်ရှိ တရုတ်နိုင်ငံသို့ ဆန်ကွဲ နှင့် စက်မူကုန်ကြမ်း ဆန်များ တင်ပို့နေကြပြီး မူဆယ်နယ်စပ်မှ တဆင့် တရုတ်ပြည်ထဲသို့တစ်ရက်လျှင် ဆန်ကွဲ ကားအစီးရေ ၃၅စီးခန့် ဝင်ရောက်နေကြောင်း သိရသည်။ “ဈေး ကောင်းရတာဟုတ်တယ် ကုန်သည်တွေက ကြောက်လို့မသွားကြဘူး။ လမ်းစရိတ် ကားခတွေ ဈေးတက် နေတယ်။ တစ်တန်ကို ၉သောင်းလောက် ရှိသွားတယ်” ဟု ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

➡️ထို့အပြင်ပြည်တွင်းဘဏ်များ ပိတ်ထားသည့်အတွက် ငွေလွှဲတဲ့ကိစ္စများ၌ အခက်အခဲများ ဖြစ်နေ ကြောင်း သိရသည်။ “တင်ပို့တဲ့နေရာမှာ အရေးပေါ်ကြေငြာထားတော့ သွားရလာရတာ အခက်အခဲ ရှိသလို အဓိက အခက်ခဲက ပြည်တွင်းကဘဏ်တွေပိတ်ထားတဲ့အတွက် ငွေလွှဲတဲ့ကိစ္စတွေတော့ အခက်အခဲဖြစ်တယ်” ဟု မူဆယ်ဆန်ကုန်စည်ဒိုင်ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ဆက်လက်ပြောသည်။ဘဏ်ဖြင့် ငွေလွှဲမည်ဆိုပါက ငွေကျပ်သိန်း ၁၀၀ လျှင် ငွေလွှဲခ ၂,၅၀၀ ကျပ်သာကျသင့်သော်လည်း ယခုဟွန်ဒီဖြင့်ငွေလွှဲနေရသဖြင့် ကျပ်သိန်း ၁၀၀ လျှင် ငွေလွှဲခ ၃၅,၀၀၀ ကျပ်ကျသင့်ကာ အခက်အခဲ ဖြစ်နေကြောင်းလည်းသိရသည်။

➡️ပြည်တွင်း ဆန်ကွဲ အား တရုတ်နိုင်ငံ၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယန် ၊ စီနီဂေါ နှင့် နယ်သာလန် နိုင်ငံတို့ သို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။

Sources : AMIA (Farmer Digital TV)