menu

ဆန်စပါး နှင့် သီးနှံဈေးများ အခြေအနေ


🌾🌿🌶🌾🌿🌶🌿🌾🌶🌿🌾 

 🔸မြန်မာနိုင်ငံအတွင်း ရန်ကုန်မြို့အပါအဝင်မြို့ကြီး၊ မြို့ငယ်အများအပြားတွင် နိုင်ငံရေးအလှုပ်အခတ်များ ဖြစ်ပေါ်ကြုံတွေ့နေရချိန်စီးပွားရေးဈေးကွက်များတွင် သက်ရောက်မှုများရှိလာရာ သီးနှံအချို့တွင် စိုက်ပျိုးသူများ ဝင်ငွေပိုလာနိုင်ပြီး သီးနှံအချို့တွင်မူဝင်ငွေလျော့နည်းလာနိုင်သည်ဟု ဈေးကွက်လေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။ 

 🔸မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သော စပါးစိုက်ပျိုးမှုတွင် ယခုလပိုင်းတွင် မြစ်ဝကျွန်းပေါ် ဒေသအတွင်းနွေစပါးများ အသစ်ထွက်ပေါ်ရန် အချိန်နီးကပ်လာဟု ဆိုနိုင်သည်။ မိုးစိုက်စပါးများအနေဖြင့် ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်းဟု ရှေးယခင်စာဆိုရှိသကဲ့သို့ နွေစပါးသည်လည်း ဖုံးတုန်း လုံးတုန်း တပို့တွဲဟု ဆိုနိုင်သည်အထိ နွေစပါးများ ဖုံးစပြုလာပြီဖြစ်သည်။ နွေစပါးနှံများ မှို့ကပ်စပြုပြီး ရက်ပိုင်းအတွင်း ဖုံးလာမည်။ နို့ရည်ခဲပြီး စပါးနှံအဆန်များ ပြည့်လာကာ ရက်အနည်းငယ်အကြာ ရိတ်သိမ်းနိုင်မည်ဖြစ်သည်။ 

 🔸ယခုရက်ပိုင်း ဘိုကလေးနယ်တွင် မိုးစပါးကြမ်း တင်းတစ်ရာလျှင် ကျပ် ၆၅၀,၀၀၀ဝန်းကျင်၊ ပေါ်ဆန်း ဘေးကြား တင်းတစ်ရာလျှင် ကျပ် ၉၀၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေရာ နွေစပါးအနေဖြင့် အကြမ်း ဖျင်း တင်းတစ်ရာလျှင် ကျပ် ၆၀၀,၀၀၀ ဝန်းကျင်ရနိုင်ရန် မျှော်လင့်ထားသည်ဟု ပြောဆိုလာသည်။ နွေစပါး တစ်ဧကလျှင် အကြမ်းဖျင်းယခုနှစ်တွင် ကျ ပ်သုံးသိန်းဝန်းကျင် အကျိုး အမြတ်ရရှိနိုင်သည်ဟုဆိုသည်။ 

 🔸ယခုရက်ပိုင်း နွေဆန်အဟောင်းတစ်အိတ်လျှင် ကျပ်၂၇,၅၀၀ မှ ၃၀,၀၀၀ အတွင်း၊ မိုးနှံကားဆန်အသစ်တစ်အိတ် ကျပ် ၂၇,၀၀၀ ဝန်းကျင်၊ ပေါ်ကျွဲဆန်သစ်တစ်အိတ် ကျပ် ၃၁,၀၀၀ ဝန်းကျင်၊ ပေါ်ဆန်းဆန်တစ်အိတ် (ဘိုကလေးနယ်ဈေး) ကျပ် ၃၄,၀၀၀ ဝန်းကျင်ရှိနေသည်။ ပြည်တွင်းဆန်ဈေး မြင့်သကဲ့သို့ ကမ္ဘာ့ဆန်ဈေးကွက်တွင်လည်း ဆန်ဈေးနှုန်းများ မြင့်နေဆဲရှိသည်ဟု ကမ္ဘာ့ဆန်ဈေး ကွက်သတင်းများတွင် ဖော်ပြထားသည်ကိုမြင်တွေ့ရသည်။ 

 🔸မိုးစပါးအပြီး သီးထပ်အနေဖြင့် နွေစပါးစိုက်ပျိုးမှုများ ယခုနှစ်တွင် အကျိုး အမြတ်ပိုမိုရရှိသော်လည်း မြစ်ဝကျွန်းပေါ်ဒေသ မတ်ပဲစိုက်ပျိုးသူများမှာမူ ယခုနှစ်တွင် ဈေးနှုန်းကျဆင်းနေသဖြင့် အကျိုးအမြတ်ရရှိမှု ကျဆင်းလာသည်ဟု ဝါးခယ်မဒေသမှ မတ်ပဲစိုက်ပျိုးသူတစ်ဦးက ဆိုသည်။ ရန်ကုန်မတ်ပဲ ဈေးနှုန်းသည် ၂၀၂၁ ရန်ကုန် ကုန်စည်ဒိုင်မှ နောက်ဆုံးအဖြစ်ဈေးဖွင့်သော ဈေးနှုန်းမှာ မတ်ပဲ RC တစ်တန်လျှင် ကျပ် ၉၆၇,၅၀၀ နှုန်းဖြစ်သော်လည်း ယခုရက်ပိုင်း နယ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၂၀,၀၀၀ ဈေးနှုန်းဖြင့်သာရောင်းချရသည်။ သုံးတင်းလျှင် ကျပ် ၆၀,၀၀၀ နှုန်းသာရှိရာ တစ်တန်လျှင် ကျပ်ခြောက်သိန်းသာ ရှိနေသည်။ 

 🔸ဟင်္သာတနယ်တွင်လည်း မတ်ပဲအဝယ်ရပ်ထားသည့် သတင်းနှင့် တစ်တင်းလျှင် ကျပ် ၂၅,၅၀၀ ဟု ဆိုသော သတင်းကို ဟင်္သာတနယ် ပဲကုန်သည်ကြီးတစ်ဦးထံမှ သိရသည်။ယခင်နှစ်ကာလတူဖြစ်သော ၂၀၂၀ဖေဖော်ဝါရီ ၁၈ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၁,၀၁၃,၀၀၀ နှုန်းဖြင့် ၎င်းနေ့တွင် မတ်ပဲ RC ကုန်သေတ္တာအလုံးပေါင်း ၅၅ လုံး အရောင်းအဝယ်ဖြစ်ခဲ့သည်။၎င်းနေ့တွင် ပြင်ပငွေလဲနှုန်း ၁,၄၄၈ ကျပ် ဖြင့် ပြည်ပပို့မတ်ပဲ FAQ/RC တစ်တန်ဒေါ်လာ ၇၀၀-၇၂၀ နှုန်း ရှိခဲ့သည်။ 

 🔸ယခုလအတွင်း ရန်ကုန် ကုန်စည်ဒိုင်နောက်ဆုံးဖွင့်ရက်ဖြစ်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၅ ရက်တွင် ငွေလဲနှုန်း ၁,၃၇၅ ကျပ်ဖြင့် ပြည်ပပို့ မတ်ပဲ FAQ/RC တစ်တန်၇၂၀-၇၄၀ ဒေါ်လာနှုန်း ရှိခဲ့သည်။ ၂၀၂၀ နှင့် ၂၀၂၁ ဖေဖော်ဝါရီ ၅ ရက် ဈေးနှုန်းနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၁ တွင် ပြည်ပပို့ မတ်ပဲဈေးနှုန်း ပိုမိုရရှိသော်လည်း ငွေလဲနှုန်းကျသဖြင့် ရန်ကုန်ပဲဈေးနှုန်း ကျဆင်းနေသည်ကို တွေ့ရသည်။ 

 🔸၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြင်ပငွေလဲနှုန်း ကျပ် ၁,၄၅၀ ဝန်းကျင်ရှိသော်လည်း ပြည်ပပို့ပဲ FOBဈေးနှုန်းနှင့် ဒိုင်ဈေးနှုန်းများ ထုတ်ပြန်ခြင်းမရှိဘဲ မတ်ပဲထွက်ရှိရာမြစ်ဝကျွန်းပေါ်ဒေသအချို့တွင် မတ်ပဲတစ်တန် ကျပ်ခြောက်သိန်းသာရှိသည်ဟု သိရသည်။မတ်ပဲဈေးနှုန်းသည် ဖေဖော်ဝါရီ ၁၈ရက် နယ်တွင် အရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများအရ တစ်တန်လျှင် ကျပ်လေးသိန်းဝန်းကျင် လျော့နည်းနေသော်လည်း နွေစပါးမှာမူ ယခင်နှစ်ကာတူထက် တင်းတစ်ရာလျှင် ကျပ်တစ်သိန်းအထက် ပိုမိုရရှိနိုင်မည်ဟု သိရသည်။ 

 🔸အလားတူ မြစ်ဝကျွန်းပေါ်ဒေသတွင်အများအပြားစိုက်ပျိုးထွက်ရှိသော ငရုတ်ရှည်နှင့် မိုးငရုတ်များမှာ ယခုလပိုင်းဈေးကွက်သို့ ရောက်ရှိနေသော ဟင်္သာတနယ်ထွက် ငရုတ်များသာ ဈေးနှုန်းအမြင့် ရရှိနေဆဲဖြစ်သည်။ ထိုသို့ ဈေးနှုန်းအမြင့် ရရှိနေသည်ဟုဆိုသော်လည်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ပန်းရဲ (ပန်းဆွဲ) အိန္ဒိယမျိုး ငရုတ်ရှည်မှာ ယခင် ကျပ် ၄,၈၀၀ ရှိရာမှ ကျပ် ၄,၄၀၀ သို့ ကျလာသည်။ မြားနီ အိန္ဒိယမျိုး ငရုတ်ရှည်မှာလည်း ယခင်ရက် တစ်ပိဿာ ကျပ် ၄,၄၀၀ ရှိရာက ယခု ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျပ် ၄,၂၀၀ နှုန်းသာ ရှိသည်။ 

 🔸၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းအိန္ဒိယငရုတ်ရှည်လက်ကား တစ်ပိဿာ ကျပ် ၅,၃၀၀ ဝန်းကျင်၊ မိုးထောင် ကျပ် ၄,၄၀၀ ဝန်းကျင် ရှိနေသော်လည်း မြစ်ဝကျွန်းပေါ်ငရုတ်ရှည်အသစ်များ ဝင်ရောက်လာချိန်တွင် ငရုတ်ရှည်ဈေးနှုန်းနှင့်အတူ ဈေးနှုန်းကျဆင်းနိုင်သည်။ 

 🔸ဒေသအများအပြားမှ ထွက်ရှိသော မန်ကျည်းများအနက် ပြည်ပသို့ တင်ပို့နေသော အကြောဆွဲမန်ကျည်း သည် နယ်တွင် တစ်ပိဿာ ကျပ် ၁,၂၀၀ ဝန်းကျင်ရှိနေရာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျပ် ၈၀၀ နှုန်းသာ ရှိသည်။ လတ်တလော ငွေလွှဲလုပ်ငန်းအများစုသည် ဘဏ်များကို အသုံးပြုနိုင်ခြင်း မရှိသေး၍ ပစ္စည်းရောက်၊ ကုန်ဖိုးငွေအပြည့် ပေးချေသည့်စနစ်ဖြင့် ရောင်းချမည်ဟုဆိုသည်။ 

 🔸၂၀၂၁ နှစ်ဆန်းပိုင်း အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသသီးထပ်စိုက်ပျိုးရာတွင် နွေစပါးသည် အကျိုး အမြတ်အများဆုံး ရရှိနိုင်မည်ဟုဆိုသည်။ မတ်ပဲ၊ ငရုတ်နှင့် မန်ကျည်းတို့မှာမူ လတ်တလော ဈေးကွက် အခြေအနေအရ အကျိုး အမြတ်ရရှိမှု နည်းနေဆဲရှိနိုင်သည်ဟု ဆိုနိုင်သည်။ 

မောင်စေအောင် 

မြန်မာတောင်သူကြီးများဂျာနယ် 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက်