menu

နွေ (စပျစ်သီး) ရှားပါးချိန်ရောက်၍ စပျစ်စိုက်တောင်သူများ စျေးကောင်းရနေ


✔️နွေရာသီ စပျစ်သီးရှားပါးချိန်ရောက်ရှိလာခြင်းကြောင့် စျေးကွက်အတွင်း စပျစ်စိုက်တောင်သူများ စျေးကောင်းရနေကြောင်း ရမည်းသင်းခရိုင် ရွာတန်းအုပ်စုမှ တောင်သူများ၏ပြောကြားချက်အရ သိရသည်။ ၁၂လရာသီ တစ်နှစ်ပတ်လုံး၌ နွေရာသီတွင်ထွက်ရှိသည့် စပျစ်သီးက စျေးကောင်းရရှိပြီး မိုးရာသီသို့ရောက်ရှိပါက စျေးကောင်းမရတော့ကြောင်း စပျစ်စိုက်တောင်သူဦးမြင့်ဝေကပြောသည်။ 

✔️ "စပျစ်သီးက အခုစျေးကောင်းနေတယ်။ RG ပန်းရောင်ဆိုရင် တစ်ပိသာကို ၁၅,၀၀၀၊ ဗမာသီးအညိုသီးက တစ်ပိသာကို ၇,၀၀၀၊ BQတို အချွန်းတိုကျတော့ တစ်ပိသာကို ၈,၀၀၀ - ၉၀၀၀ ရှိတယ်။ ကျွန်တော်တို့ ဘက်မှာက RG ပန်းရောင် အလုံးကြီးမျိုးကိုအဓိကထားပြီးစိုက်ကြတယ်။ သူက စျေးကွက်ဝင်တယ်။ စျေးကောင်းလည်းရတယ်။ အညိုသီးတို BQတို အချွန်းတိုလည်းစိုက်ကြတယ်။ အခုဆိုရင် အီတလီမျိုးတွေ စိုက်နေကြတယ်။ သူကအလုံးမည်းမည်းကြီးတွေ။ အသီးလှတယ်။ အစေ့လွတ်တွေပေါ့ဗျာ။ ချွန်းပန်းရောင် မျိုးစေ့အသစ်တွေလည်းစိုက်တယ်။ စားသုံးသူက အသစ်အဆန်းဆိုရင် စိတ်ဝင်စားတယ်။ တစ်သောင်းဖြစ်ဖြစ် နှစ်သောင်းဖြစ်ဖြစ် ဝယ်စားတယ်။ အခုရာသီကတုန်းတောင်တုန်းတော့မယ်။ စပျစ်ရာသီကုန်တော့မှာပေါ့။ မိုးတွင်းအသီးတွေတော့ ရှိပါသေးတယ်။ နွေသီးက ၂လပိုင်းကနေ ၅လပိုင်းအထိပေါ့။ အဲဒါနွေသီး။ ၆လပိုင်း ၇လ၊ ၈လပိုင်းဆိုရင် အဲဒါမိုးသီး။ မိုးတွင်းသီးက စားသုံးသူက သိပ်မကြိုက်ကြတော့ဘူး။ မချိုတော့ဘူး။ ချဥ်တယ်။ မိုးထိတော့ အသီးကွဲတယ်။ အလုံးမလှတော့ဘူး။ အခိုင်မလှတော့ဘူး။ အဲဒါကြောင့်မကြိုက်ကြတော့ဘူး။ ကျန်တဲ့ရာသီပေါ်သီးနှံတွေ ပေါ်လာတာလည်းပါတယ်။ သရက်သီး၊ နာနတ်သီး၊ ဖရဲသီးစသည်ဖြင့် ပေါ်လာကြတော့လေ။ စားသုံးသူက ရာသီပေါ်သီးနှံပဲစားကြတော့တယ်။ နွေသီးကတော့ စျေးကွက်ဝင်တယ်။ စျေးကောင်းရတယ်။ ချိုတယ်။ ပြောစရာမလိုဘူးပေါ့" ဟု ၄င်းကပြောသည်။ 

✔️ ပြီးခဲ့သည့် ဧပြီလအတွင်းကစတင်ကာ စပျစ်သီးစျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း စပျစ်စိုက်တောင်သူ ဦးမောင်ဇော်ကပြောသည်။ "မနှစ်ကနဲ့စာရင် စပျစ်သီးစျေးနှုန်းက ပျှမ်းမျှ RGပန်းရောင်က ၇,၀၀၀၊ ၈,၀၀၀ လောက်သွားတယ်။ သင်္ကြန်မတိုင်ခင် လေးလပိုင်းလောက်က RGပန်းရောင်က တစ်ပိသာမှ ၄,၅၀၀၊ ၅,၀၀၀ လောက်ပဲ ရှိတယ်။ သင်္ကြန်နားနီးတော့ စျေးကထိုးတက်သွားတယ်။ တစ်နေ့တစ်ခါ ၅၀၀လောက် တက်တယ်။ သင်္ကြန်လည်းရောက်ရော ၈,၅၀၀၊ ၉,၀၀၀ တွေဖြစ်သွားရော။ အဲတော့ စျေးကောင်းရတော့ ခူးကြတာပေါ့ဗျာ။ သင်္ကြန်ပြီးတော့ ၈,၅၀၀၊ ၉,၀၀၀ မှာ ငြိမ်သွားသေးတယ်။ နောက်ကြတော့ အသီးတဖြည်းဖြည်းရှားလာတော့ ၁၀,၀၀၀ လောက်ဖြစ်လာတယ်။ အခုကျတော့ နွေသီးရှားလာတော့ စျေးကကောင်းသွားတာပေါ့။ အခုရာသီက ဈေးအကောင်းဆုံးအချိန်ပဲ အသီးရှားပြီဆိုရင် စျေးကောင်းပြီ" ဟု ၄င်းကပြောသည်။ 

✔️ ရမည်းသင်းခရိုင်တွင် စီးပွားဖြစ်စပျစ်ခြံများ အများအပြားစိုက်ပျိုးကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် စပျစ်စိုက်ပျိုးမှုအများဆုံးနှင့် အထွက်နှုန်းအများဆုံးဖြစ်ကြောင်းသိရသည်။ "ကျွန်တော်တို့ ဒေသက အများဆုံးစိုက်တာ။ အထွက်နှုန်းလည်းများတယ်။ ကျန်တဲ့ဒေသတွေက ကျွန်တော်တို့လို စီးပွားဖြစ်စိုက်တာရှားတယ်။ ကျွန်တော်တို့ဆီမှာက မျက်စိတဆုံး စပျစ်ခြံတွေချည်းပဲ။ အိမ်တစ်အိမ်မှာ စပျစ်ပင် ၅၀၀ ရှိတယ်ပဲထားဦး။ ရွာတစ်ရွာမှာက အိမ်ခြေ ၇၀၀၊ ၈၀၀ရှိတာဗျ။ ကျွန်တော်တို့အုပ်စုက ၂၄ရွာ ရှိတယ်။ တစ်ဧကကို အပင်ရေ ၇၀၀၊ ၈၀၀ လောက်စိုက်လို့ရတယ်" ဟု စပျစ်စိုက်တောင်သူ ဦးမောင်ဇော်ကပြောသည်။ 

✔️ ရမည်းသင်းခရိုင်မှထွက်ရှိသည့် စပျစ်သီးများကို ရန်ကုန်မြို့သီရိမင်္ဂလာစျေးပွဲရုံ၊ မန္တလေးမြို့ မနောသုခပွဲရုံ၊ သီပေါသူ၊ မြသစ္စာ နှင့် ကျော့ကျော့ခိုင်ပွဲရုံတို့ကို တင်ပို့ရောင်းချကြောင်းသိရသည်။ ထို့အပြင် ဒေသခံ သီးနှံဝယ်ရောင်းသမားများနှင့် ချိတ်ဆက်၍ ကလေး၊ တမူး ၊ မြစ်ကြီးနား၊ စစ်တွေ၊ မြိတ်၊ ကော့သောင်း၊ မော်လမြိုင်၊ ဘားအံ၊ ဗန်းမော်၊ ရွှေကူ စသည့် ဒေသများသို့ တိုက်ရိုက်တင်ပို့ ရောင်းချခြင်း၊ ပွဲစားများမှတဆင့်ရောင်းချခြင်း၊ အွန်လိုင်းမှ ရောင်းချခြင်းတို့ ပြုလုပ်ကြောင်း သိရသည်။ ရမည်းသင်းခရိုင်တွင် စပျစ်ခြံတစ်ဧကလျှင် စပျစ်ပင် ၈၀၀ မှ ၉၀၀ အထိ စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပိသာချိန် ၁၅,၀၀၀ ခန့် ထွက်ရှိကြောင်းသိရသည်။ 

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ကောင်းကောင်း(AMIA)