menu

“နွေနှမ်း အထွက်နည်းခဲ့သည့်အတွက် စျေးကောင်းရနေ”


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✔️ပြီးခဲ့သည့် နှမ်းစိုက်ရာသီချိန်တွင် နှမ်းစိုက်ဧကလျော့ချစိုက်ပျိုးခဲ့သည့်အတွက် အထွက်နှုန်းနည်းကာ နှမ်း စျေးကောင်းပြန်ရလာကြောင်း နှမ်းကုန်သည်များထံမှသိရသည်။ ၂၀၂၁ခုနှစ် နှမ်းထွက်ရာသီချိန်တွင် အရောင်းအဝယ် အေးစက်နေခဲ့ပြီး စျေးမရသည့် အတွက်ကြောင့် နွေနှမ်းစိုက်ပျိုးချိန်က လျော့ချ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း နှမ်းတောင်သူနှင့် ကုန်သည်များထံမှသိရသည်။ 

✔️လက်ရှိ နှမ်းစျေးကွက်တွင် အက်စစ်အောင်သည့် နှမ်းများသာ အဓိကထား အရောင်းဝယ်ဖြစ်နေကြောင်း စျေးကွက်မှ သိရသည်။ “အခုတော့ အက်စစ်အောင်တဲ့ နှမ်းတွေပဲ အဝယ်လိုက်နေတယ်။ နောက်ပိုင်း တော့ အက်စစ်မအောင်တဲ့ နှမ်းတွေလဲအဝယ်လိုက်လာမှာပါ။ စျေးကွက်အခြေအနေကလဲ ကောင်းပါတယ်။ လက်ရှိတော့ အမြင့်စျေး စျေးမာနေတယ်။ လျော့ကျစိုက်လို့ နွေနှမ်းက အထွက်နည်းတယ်။ ဒါကြောင့်စျေးမာနေတယ်” ဟု အောင်လံကုန်စည်ဒိုင်မှ ဦးအောင်မိုးက ပြောသည်။

✔️ယခင် ကိုဗစ်ကြောင့် နှမ်းနက် ၄၅ပိဿာဝင် တစ်အိတ်ကို နှစ်သိန်း ထိသာ ပေါက်စျေးရှိခဲ့ရာမှ ယခုဆိုလျှင် အက်စစ်အောင်သည့် နှမ်း ၄၅ပိဿာဝင် တစ်အိတ်ကို မန္တလေးတွင် နှစ်သိန်းလေးသောင်းခွဲ ထိ စျေးရရှိကြောင်း သိရပြီး အချိန်နှင့် နေရာလိုက်၍ စျေးနှုန်းများပြောင်းလဲနိုင်ကြောင်း သိရသည်။ ဈေးကွက်အတွင်း နှမ်းဝယ်သူများအနေဖြင့် နှမ်းအတွင်းအက်စစ်ဓာတ်ပါဝင်မှုကို တိုင်းတာပြီးမှ ဝယ်ယူခြင်းများရှိကြောင်း သိရသည်။ 

✔️“အခုစျေးကွက်မှာ အဓိကအရောင်းသွက်နေတာက အက်စစ်အောင်တဲ့ နှမ်းတွေပါ။ အက်စစ်ဓာတ်ပါဝင်မှု မများအောင် နှမ်းကိုရိတ်သိမ်းချိန်နဲ့ နှမ်းခါတဲ့အချိန်တွေမှာ မိုးလွတ်အောင်ဆောင်ရွက်ရတယ်။ ဒါကြောင့် နှမ်းကို အက်စစ်ပါမပါစစ်ပြီးမှ အရောင်းဝယ်လုပ်ကြတယ်။ နှမ်းကို စစ်လိုက်ရင် စိမ်းနေရင် အက်စစ် အောင်တယ်။ ဝါနေရင် အက်စစ်မအောင်ဘူး ။ ဝါနေရင် ဝယ်ရောင်းတွေ မကြိုက်ကြဘူး။ ဒါကြောင့် အထွက်နှုန်းနည်းတော့ စျေးကောင်းတာပေါ့။ စျေးကွက်အရ ပစ္စည်းရှားတော့ စျေးတက်တဲ့သဘောပါ” ဟု နှမ်းစိုက်တောင်သူ တစ်ဦးက သုံးသပ်ပြောသည်။

✔️မြန်မာနိုင်ငံမှ မိုးနှမ်းများတွင် ရိတ်သိမ်းချိန် အစိုဓာတ်များသည့်အတွက် အက်စစ်ပါဝင်မှုမှာ တစ်ရာခိုင်နှုန်း မှ နှစ်ရာခိုင်နှုန်းအထိ ပါဝင်မှုများရှိကြောင်း သိရှိရပြီး ယင်းကဲ့သို့ပါဝင်မှုမရှိရန် ထိန်းသိမ်းစောက်ရှောက်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။ ထိုသို့ လျော့ချစိုက်ပျိုးပါက နှမ်းပေါ်ချိန်တွင် နှမ်းအဝင်နည်း၍ စျေးနှုန်းပြန်လည်မြင့်တက်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ် ကြသည်။

✔️ယခုနှစ် နှစ်စပိုင်းတွင် နှမ်းနက် ၄၅ပိဿာဝင် တစ်အိတ်လျှင် နှစ်သိန်း အထက်ထိ ရောက်ရှိခဲ့သော် လည်း လက်ရှိတွင် နှမ်းနက် ၄၅ပိဿာဝင် တစ်အိတ်လျှင် အောင်လံတွင် တစ်သိန်းရှစ်သောင်းငါးထောင်၊ မန္တလေးတွင် နှစ်သိန်း ပေါက်စျေးထိရှိကာ စျေးငြိမ်နေသည်မှာ တစ်ပတ်ကျော်ခန့် ရှိနေပြီးဖြစ်ကြောင်း သိရသည်။ သို့သော် ဓာတ်ဆီစျေးများမြင့်တက်လာခြင်းကြောင့်လည်း ဆီကြိတ်နှမ်းဖြူများ စျေး ကောင်းနေပြီး လက်ရှိ နှမ်းဖြူ ၄၅ ပိဿာဝင်တစ်အိတ်လျှင် နှစ်သိန်းကျော်အထိ ပေါက်စျေးရှိကြောင်း ကုန်သည်များထံမှသိရသည်။ 

✔️လက်ရှိ နှမ်း ပြည်ပတင်ပို့မူအနေဖြင့် တရုတ်နိုင်ငံတခုတည်းသာ တင်ပို့နေရပြီး ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့နေကြောင်း သိရသည်။ ပြည်တွင်းတွင်းပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ရှိပြီး အခု နှမ်းရာသီ အထွက်နှုန်းကျခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်ဝမ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံတခုတည်းသာအာထား တင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့ တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်းလည်း သိရသည်။

✔️မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။ 

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : အက္ခရာ(AMIA)