menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
၂၀၂၀ နွေစပါး အားထည့်စိုက်ကြစို့။
✅ဆည်ရေနည်းခြင်းကြောင့် လာမယ့်နှစ် နွေစပါးစိုက်ဧက တစ်သန်ဝန်းကျင် လျော့နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ယခုနှစ် ၂၀၁၉ ခုနှစ်၊ မိုးရာသီမှာ ဆည်ရေအဝင်နည်းခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိသဖန်းဆိပ်ရေလှောင်တမံအပါအဝင် ဆည်အများစု ရေအဝင်နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် နွေစပါးစိုက်ပျိုးချိန် ရေပေးဖို့ အခက်အခဲရှိသဖြင့် စိုက်ပျိုးမှုအခြေအနေကို ကြိုတင်ခန့်မှန်းထားခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးကပြောကြောင်း ပုဂ္ဂလိကသတင်းစာတစ်စောင်မှာ ရေးသားဖော်ပြထားပါတယ်။
✅၂၀၁၉ နှစ်ဆန်းက နွေစပါးဧက သုံးသန်းကျော်စိုက်ပျိုးခဲ့ပြီး စပါးတန်ချိန် ငါးသန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဆိုပါရေသွင်းစိုက်ပျိုးခဲ့တဲ့ နွေစပါးများက တစ်ဧကကို တင်း ၁၀၀ ခန့် အထွက်နှုန်းရှိခဲ့ကြောင်းလည်း သိရပါတယ်။ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းကတော့ ယခုနှစ်မှာ "နွေစပါး စိုက်ဧက ဘယ်လောက်လျော့မယ်ဆိုတာတော့ ဝန်ကြီးဌာနအနေနဲ့တွက်ချက်နေပါတယ်။ လောလောဆယ်တော့ အတိအကျမပြောနိုင်သေးဘူး”လို့ ပြောကြောင်း သိရပါတယ်။
✅မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်ကြတဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းအထက်ပိုင်း စတဲ့ တိုင်းဒေသကြီးများမှာ နွေစပါးစိုက်ပျိုးဖို့ ဆည်ရေပေးဝေနိုင်မှုမသေချာတဲ့အတွက် တခြားဆီထွက်သီးနှံများနဲ့ ပဲမျိုးစုံတို့ ပြောင်းလဲစိုက်ပျိုးဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။ ဤကဲ့သို့ စိုက်ဧက တစ်သန်းကျော်လျော့နည်းသွားပါက လာမယ့်မိုးရာသီမှာဆန်ဈေးများ မြင့်တက်လာနိုင်တယ်လို့ တာဝန်ရှိသူတို့ရဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် မိုးစပါးနဲ့ နွေစပါး တန်ချိန်စုစုပေါင်း ၂၅ သန်းကျော် ထုတ်လုပ်ပါတယ်။ အဲဒီစပါးကနေ ဆန်တန်ချိန်၁၄ သန်း ရရှိပါတယ်။
✅ပြည်တွင်းစားသုံးမှုက ဆန်တန်ချိန် ရှစ်သန်းကျော်ရှိပြီး တခြားလုပ်ငန်းများက ဆန်တန်ချိန် တစ်သန်းကျော်သုံးပါတယ်။ ဒါကြောင့် နှစ်စဉ် ဆန်တန်ချိန်လေးသန်း ပြည်တွင်းမှာ အပိုရှိနေတယ်လို့ သိရပါတယ်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ပြည်ပပို့ဆန်တန်ချိန် နှစ်သန်းခွဲကျော် တင်ပို့နိုင်ခဲ့ပြီး ပြည်တွင်းဆန်လက်ကျန်တန်ချိန် အနည်းဆုံး ငါးသိန်းခန့် ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ ဆန်လက်ကျန်များတဲ့အတွက် ယခုနှစ် ၂၀၁၉ ခုနှစ် မိုးစပါးပေါ်တဲ့အချိန်မှာ စပါးဈေးကျနေတာပဲ ဖြစ်ပါတယ်။
✅အခုလို စပါးဈေးကျတဲ့အတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ဖုန်၊ သဲ၊ ခဲကင်းစင်တဲ့ စပါး ၄၆ ပေါင်ကိုက်တင်း ၁၀၀ ကို အခြေခံရည်ညွှန်းဈေး ကျပ်ငါးသိန်းသတ်မှတ်ပြီး ဝယ်ယူဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါ့ပြင် ပြည်ပ (တရုတ်)သို့လည်း ဆန်နဲ့ ဆန်ထွက်ပစ္စည်းသာမကစပါးအတိုင်းရောင်းဖို့လည်း စီစဉ်မှုတွေ ရှိနေပါတယ်။ ပထမအကြိမ် စပါးတန်ချိန်နှစ်သိန်းရောင်းချပြီး နောက်ထပ် တန်ချိန်ငါးသိန်းအထိ ရောင်းချဖို့လည်း အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။ ရည်ရွယ်ရင်းကတော့ ပြည်တွင်းစပါးဈေး တက်လာပြီး တောင်သူလယ်သမားတွေအတွက် အကျိုးရှိဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လယ်သမားအများစုကတော့ပေါက်ဈေးနဲ့ရောင်းကြလို့ငါးသိန်းအောက်ဈေးနဲ့ပဲ ကုန်သလောက်ဖြစ်နေပြီလို့ ဆိုရပါ့မယ်။
✅ယခုကဲ့သို့ နွေစပါးစိုက်ဧက တစ်သန်းဝန်းကျင်လည်း လျော့ဦးမယ်။ တရုတ်ကိုလည်း စပါးရောင်းဦးမယ်ဆိုရင် ၂၀၂၀ပြည့်နှစ် မိုးတွင်းမှာ စပါးရှားပြီး ၂၀၂၀ မိုးမှာ စပါးဈေးကောင်းနိုင်ပါတယ်။ ဒီအချက်ကို အသုံးချပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး စတဲ့တိုင်းဒေသကြီးတွေမှာ တောင်သူလယ်သမားတွေ ယခုနှစ် နွေစပါးကို ဖိဖိစီးစီးနဲ့ စိတ်မပျက်ဘဲ စိုက်ပျိုးကြဖို့ လိုပါ့မယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆိုတာ ဆည်ရေမလိုဘဲ မြစ်ရေနဲ့ ရေတင်စိုက်ပျိုးလို့ ရပါတယ်။ဒီဇယ်ရှိရင် ရေရှိတယ်လို့ပင် ဆိုနိုင်ပါတယ်။ယခုကတည်းကရေသွင် းမြောင်းတွေ ပြင်ဆင်ထားကြဖို့ လိုပါ့မယ်။ ကောနေတဲ့မြောင်းတွေကို ဆယ်ဖို့လိုပါတယ်။ ရှိပြီးသားမြောင်းတွေကို ထိန်းသိမ်းပြီး ရေဝင်၊ ရေထွက်ကောင်းအောင် စီမံဖို့လိုပါတယ်။
✅နွေစပါးစိုက်ပျိုးရေးအတွက် ရေက အဓိကလိုအပ်ချက်ဖြစ်နေတာ ဖြစ်ပါတယ်။ စာရေးသူနေခဲ့တဲ့ဒေသက စပါး (၂)စီမံကိန်းဒေသ ဖြစ်ပါတယ်။ ယခင်တူးခဲ့တဲ့ချောင်းတွေ၊ မြောင်းတွေ အတော်ကောနေပြီဖြစ်ပါတယ်။ တာတွင်းပတ်မြောင်းဆိုလည်း ယခင်ဆည်မြောင်းက တူးခဲ့တာလည်း ရှိတယ်။ လုပ်အားပေးကာလမှာ လူ့လုပ်အားနဲ့ တူးခဲ့တာလည်းရှိတယ်။ အခုဆိုလုံးဝတိမ်ကောနေပြီဖြစ်လို့ ဒီနှစ်မှာ အကျယ် ၁၈ ပေ၊ အနက်ငါးပေမြောင်းကိုဆည်မြောင်းဦးစီးဌာနက စက်ယန္တရားကြီးတွေနဲ့ တူးနေတယ်။ အဲဒီမြောင်းကောင်းသွားရင် နွေစပါးတွေ ပိုကောင်းလာမယ်။စိုက်ဧကတွေလည်း တိုးလာမယ်။ ဒီလိုမျိုးတခြားဒေသ ရပ်ရွာတွေမှာ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုတယ်။
✅လယ်သမားကလည်း စည်းကမ်းစနစ်တကျထိန်းသိမ်းဖို့လိုမယ်။ ချောင်းတွေ၊ မြောင်းတွေ တိမ်ကောတာ သဘာဝကြောင့်ဖြစ်သလို လူတွေရဲ့ ပြုလုပ်မှုတွေကြောင့်လည်းဖြစ်တယ်။ချုံချတယ်၊ ဒိုက်မွေးတယ်၊ တမံတတ်ပြီး အိုင်ပက်တယ်။ ထွန်စက်၊ စပါးရိတ်ခြွေစက်တွေ ကောက်ရိုးချပြီးကူးတယ်။ နေ့ဘက် ပြန်မဖယ်ဘူး။ ဒီလိုနဲ့ ချောင်းတွေ၊မြောင်းတွေကောလာတယ်။ ပညာပေးဖို့လည်းလိုသလို ဥပဒေနဲ့အညီ အရေးယူဖို့လည်း လိုတယ်။ ဒါမှလည်း အဟန့်အတားဖြစ်မယ်။
✅စာရေးသူတို့နိုင်ငံမှာက ဘယ်နေရာမှာမဆို ပညာပေးမှုတွေများနေတယ်။ သတိပေးမှုတွေ၊ စည်းရုံးမှုတွေ များနေတယ်။ ကြာလာများလာတော့ ဥပဒေကို မလေးစားတော့ဘူး။တိုးတက်ကြီးပွားချင်ရင် ဥပဒေကို လေးစားလိုက်နာဖို့လိုသလို ဥပဒေနဲ့အညီ ထိန်းကျောင်းဖို့လည်း လိုတယ်။ ကိုယ်လုပ်ချင်ရာလုပ်တာ ဒီမိုကရေစီမဟုတ်ဘူး။ မင်းမဲ့စရိုက်သာဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေကို လေးစားလိုက်နာကြတယ်။ဥပဒေကို ဖောက်ဖျက်ရင်လည်း တိတိကျကျအရေးယူတယ်။ ဒါမှလည်း တိုးတက်မှာဖြစ်တယ်။
✅ယခုနှစ် နွေစပါး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကုန်အထိ စိုက်လို့ရတယ်။ နွေစပါးစိုက်ဧက နှစ်စဉ်သုံးသန်းစိုက်ခဲ့တယ်။အခု တစ်သန်းလျော့ပြီ။ အထွက်တင်း ၁၀၀နဲ့တွက်ရင် စပါးတင်း သန်း ၁၀၀ လျော့သွားနိုင်တယ်။ ဒါကြောင့် ကျန်နွေစပါးစိုက်လို့ရတဲ့ ဒေသတွေမှာ နွေစပါးတိုးချဲ့စိုက်ဖို့ လိုတယ်။ လယ်သမားတွေကလည်း အားထည့်စိုက်ဖို့လိုတယ်။ ၂၀၂၀ နွေစပါး အကျိုးများမယ်လို့ ထင်မြင်ယူဆပါကြောင်း ရေးသားလိုက်ရပါတယ်။
- ဖိုးရာဇာ(မအူပင်-သုံးခွကျွန်း)
- မြန်မာတောင်သူကြီးများ ဂျာနယ်
- အတွဲ(၂၆) အမှတ်(၃၈၅)၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၉ ခုနှစ်