menu

နွေစပါးနှင့်အတူ ဈေးကွက်ဝင်သီးနှံများ ထည့်သွင်းစိုက်ပျိုးလာ .....

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

 ✔️ မန္တလေးတိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ပျိုးရာဒေသများတွင် နွေစပါးအပြင်ဈေးကွက်ဝင် သီးနှံများဖြစ်သည့် နွေနှမ်းနှင့်မတ်ပဲသီးနှံကို ထည့်သွင်းစိုက်ပျိုးလာကြောင်း တောင်သူများထံကသိရသည်။ ပုသိမ်ကြီးဆည်ရေသောက်ဒေသများတွင် ယခုနှစ်ဆည်ရေပြည့်ဝစွာရရှိတာကြောင့် နွေစပါးကိုအဓိကထားစိုက်ပျိုးကြသလို အချို့တောင်သူများက နွေစပါးစိုက်ဧကများတွင် အခြားဈေးကွက်ဝင်ပြီး ရေ၊ သွင်းအားစုသုံးစွဲမှုနည်းပါးသည့်သီးနှံများကို ထည့်သွင်းစိုက်ပျိုးလာကြောင်း ပုသိမ်ကြီးမြို့နယ်ခေမာဘယ ကျေးရွာ တောင်သူဦးချစ်ဝေက ပြောသည်။

 ✔️ "ဒီနှစ်ဆည်ရေကတော့ အပြည့်အဝရပေမယ့် ကုလားပဲ၊ နေကြာစိုက်ခင်းတွေကို စောင့်ရလို့ ၁၄ ရက်လောက်နောက်ကျတယ်။ ဒီကွင်းမှာတော့ တစ်ဝက်လောက်က နွေစပါးအပြင် သွင်းအားစုသုံးစွဲမှုလျော့ကျတဲ့ နွေနှမ်း၊ မတ်ပဲကို ထည့်သွင်းစိုက်ပျိုးပါတယ်။ နွေစပါးစိုက်ပျိုးမှုက စိုက်ပျိုးစရိတ်များပါတယ်။ ဒီတော့ နွေစပါးနဲ့အတူ နွေနှမ်းကိုတွဲစိုက်တော့ စိုက်ပျိုးစရိတ်လည်းသက်သာတယ်။ နှမ်းကလည်း ဈေးကောင်းတော့ တောင်သူတွေပိုအဆင်ပြေပါတယ်" ဟု ၎င်းက ပြောသည်။ နွေနှမ်းစိုက်ပျိုးမှုတွင် ရေ သုံးစွဲမှုနည်းခြင်း၊ သွင်းအားစုထည့်သွင်းမှုနည်းခြင်းတို့ကြောင် နွေနှမ်းကို ထည့်သွင်းစိုက်ပျိုးကြခြင်းဖြစ်သည်။

 ✔️ နွေစပါးစိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် မြေပြုပြင်စရိတ်၊ မျိုး၊ လုပ်သား၊ စရိတ်၊ သွင်းအားစရိတ်၊ ဆေးဖျန်းစရိတ်ထိ ငွေကျပ် ၇၀၀,၀၀၀ ခန့်ကုန်ကျပြီး နွေနှမ်းမှာ တစ်ဧက ငွေကျပ် ၂၀၀,၀၀၀ ခန့်သာ ကုန်ကျတာကြောင့် နွေစပါးတစ်ဝက်၊ နွေနှမ်းတစ်ဝက်စိုက်ထားကြောင်း သာလှအေးကျေးရွာမှ ကိုရဲက ပြောသည်။

 ✔️ နွေနှမ်းစိုက်ပျိုးရာတွင်လည်း နှမ်းနက်၊ နှမ်းဖြူ(ဂျပန်)၊ နှမ်းဖြူ (ဗမာ)၊ နှမ်းဝါ၊ နှမ်းညိုတို့ကို စိုက်ပျိုးကြခြင်းဖြစ်သည်။ မတ္တရာမြို့နယ်အတွင်းမှတောင်သူများမှာ နွေစပါးနှင့်အတူ ကန်သင်းပေါင်တွင်တိုင်ထောင်ပဲ(ပဲတောင့်ရှည်)များ ထည့်သွင်းစိုက်ပျိုးကြကြောင်း သိရသည်။

Sources : ရွှေမန်း (မကွေးဂျာနယ်)