menu

“နယ်စုံမှအသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေသည့် ပဲမျိုးစုံဈေးကွက်”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

✔️ မတ်လဆန်းပိုင်းတွင် နယ်စုံမှ အသစ်ဝင်ပဲများဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံကသိရသည်။ ဖေဖော်ဝါရီလကုန်ရက်များက ပြည်တွင်းသုံးကုလားပဲများ ပမာဏ များများဝင်ရောက်မှုရှိလာသော်လည်း ဈေးကျဆင်းမှုမရှိဘဲဈေးကောင်းနေသလို လက်ရှိမှာလည်း ပဲမာလိုင်းများနယ်စုံမှ ဝင်ရောက်လာမှုရှိလာရာ ပဲ၊ နှမ်းဈေးကွက်မှာ အရောင်းအဝယ်မြိုင်ဆိုင်နေသည့် ကာလဖြစ်ကြောင်း၊ ယခင်နှစ်များလို ပဲအသစ်တွေ အဝင်များချိန် ဈေးကျဆင်းလေ့ရှိသော်လည်း ယခုနှစ် တွင် ပဲတီစိမ်း၊မတ်ပဲမှာ ပဲထွက်ရှိမှုနည်းပါးခြင်းနှင့် မိုးလေ၀သမမှန်တာကြောင့် အချို့တောင်သူတွေ ပဲထွက်ချိန် နှစ်ပိုင်းကွဲသလိုဖြစ်ခဲ့တာကြောင့်လည်း ပဲအသစ်ဝင်ရောက်မှုက အချိန်ခွဲဝင်ရောက် လာသလိုဖြစ်တာကြောင့်လည်း ဈေးကွက်မှာရှေ့၊နောက်ချိတ်ဆက် အဝယ်ကောင်းနေခြင်းဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

✔️ ထို့ပြင် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားမှုကို အဝယ်ကုန်သည်များ ပါးနပ်စွာ ထိန်းထိန်းသိမ်းသိမ်း ဝယ်နေတာကြောင့်လည်း ပို့ကုန်ပဲများမှာ ယခင်နှစ်များထက် အမြင့်ဈေးဖြစ်လာသော်လည်း တဖြည်းဖြည်းမြင့်တက်လာသည့်ပုံစံဖြင့်သာ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ကြောင်း၊ အလားတူ တရုတ်လိုင်းအဝယ်ရှိသည့် ပဲတီစိမ်းမှာလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တင်ပို့မှုထက် ပုံမှန်ကုန်သွယ်ရေးသင်္ဘောတင်လိုင်းက ပိုမိုအဆင်ပြေတာကြောင့်လည်း ပေါက်ဈေးကအမြင့်ဈေးနဲ့ ခပ်ငြိမ်ငြိမ်လေးသွားနေကြောင်း ပဲကုန်သည်များကပြောသည်။

✔️ မတ်လဆန်းပိုင်းတွင် ပဲစင်းငုံပေါက်ဈေးက အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်သတင်းများနှင့် ပြည်တွင်း အထွက်နှုန်းကျဆင်းခြင်းကြောင့် ဆက်တိုက်မြင့်တက်လာပြီး မတ်ပဲဈေးကတော့ ကျလိုက်တက်လိုက် ဖြင့် အနည်းငယ်ဈေးကစားမှုရှိနေသည်။ ပို့ကုန်ပဲများ အထွက်နှုန်းကျဆင်းသလို ပြည်တွင်းသုံး ကုလားပဲများ ယခုနှစ်အထွက်နှုန်းကောင်းကောင်းရရှိကြကြောင်း၊ ပဲမာလိုင်းများမှာ မြေထောက်ပဲ တစ်မျိုးသာ ဈေးအကောင်းဆုံးရရှိနေခြင်းဖြစ်ပြီး အခြားပဲမာလိုင်းများလည်း ယခင်နှစ်ကာလတူထက် ဈေးကောင်းရရှိနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း) ပွဲရုံ က ပြောသည်။

✔️ “မတ်ပဲဈေးကတော့ အနည်းငယ်ပြန်အေးချင်တယ်။ ပဲစင်းငုံက ဝယ်လိုအားရော ဈေးရော ကောင်း နေပါတယ်။ ပိဿာ (၆၀) အိတ် တစ်အိတ်လျှင် ကျပ် ၂၀၆,၀၀၀ လောက်ပဲ ဝယ်ချင်တယ်။ ဈေးကတော့ သိပ်တက်မလာတော့ဘူး။ မတ်ပဲဆိုရင် ငွေကျပ် ၁၈၁,၀၀၀ - ၁၈၂,၀၀၀ လောက် ပေါက်ဈေးရှိနေ ပါတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုကတော့ ဖေဖော်ဝါရီလကုန်ရက်တွေက ဈေးအနည်းငယ် ကျဆင်းသွားရာကနေ ဈေးပြန်မြင့်တက်လာလို V2 ကုလားပဲ ၅၄ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၉၃,၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ လက်ရှိအခြေအနေကတော့ ဈေးမတက်နိုင်သလို ဈေးကျဆင်းမှု လည်းမရှိနိုင်ဘူး။ တက်နည်းနည်း ကျနည်းနည်းနဲ့ သွားလိမ့်မယ်။ မြေထောက်ပဲကတော့ ထိပ်စဈေး တစ်အိတ်ငွေကျပ် ၂၈၅,၀၀၀ ဈေး အကောင်းဆုံးဖြစ်နေပါတယ်။ ပြည်တွင်းဒေါ်လာငွေဈေးကလည်း အတက်ဘက်မပါတော့ ထူးထူးခြားခြားဈေးအပြောင်းအလဲမရှိပါဘူး။ မတ်လဆန်းပိုင်းမှာ ပဲမျိုးအသစ် အစုံအလင် နယ်စုံကနေ ဝင်ရောက်လာသလောက် အရောင်းအဝယ်ကောင်းတဲ့အခြေအနေပါ။ ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ခပ်သွက်သွက်ဖြစ်နေတယ်။ လက်ရှိ ပဲ၊ နှမ်း ပေါက်ဈေး ကလည်း အမြင့်ဈေးမှာ ရှိနေတာပါ” ဟု ၎င်းက ပြောသည်။

✔️ မတ်လ (၂) ရက်တွင် ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၃၀,၀၀၀၊ လမ်းပဲ(ဒိုက်ဦး)လက်ခူး ပဲတစ်အိတ်လျှင် ငွေကျပ်၂၁၅,၀၀၀ - ၂၁၇,၀၀၀၊ ပြွန်တန်ဆာပဲတစ်အိတ်လျှင် ငွေကျပ်၂၀၈,၀၀၀၊ ညောင် လေးပင်ပဲ တစ်အိတ်လျှင် ငွေကျပ် ၁၉၇,၀၀၀ - ၁၉၈.၀၀၀ အရည်အသွေးအလိုက် ပေါက်ဈေးကွာခြား သွားကြောင်း သိရသည်။

✔️ ပဲတီစိမ်းဈေးကွက်မှာ မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက်နှစ်ခုလုံး အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။ ပဲတီစိမ်းအထွက်နှုန်းက ပုံမှန်အထွက်နှုန်းအတိုင်းထွက်ရှိလာမည်ဖြစ်သော်လည်း ရာသီဥတုကြောင့် ယခင်နှစ်တွေလို တပြိုင်တည်းထွက်လာတာမျိုးမဟုတ်ဘဲ ရှေ့ထွက်နောက်ထွက်နှင့် ချိတ်ဆက်ထွက်ရှိနေတာကြောင့်လည်း ဈေးကျဆင်းတာမျိုးမရှိဘဲ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း မန္တလေးပဲကုန်သည် ဦးသိန်းဇံ က ပြောသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း