menu

သံပရာဈေးများ ဝယ်လိုအားမရှိ၍ ဈေးကျနေ


🍃🍋🍃🍋🍃🍋🍃🍋🍃🍋🍃

 ◾️လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း သံပရာများထွက်ရှိပြီး ဈေးကောင်းရရှိတတ်ချိန် ဖြစ်သော်လည်း ဝယ်လိုအားမရှိသဖြင့် ဈေးများကျဆင်းနေကြောင်း သံပရာစိုက်တောင်သူများက ပြောသည်။ 

 ◾️“အခုအချိန်ဆိုရင် လှိုင်လှိုင်ထွက်သလို တစ်နှစ်ပတ်လုံးမှာဈေးအကောင်းဆုံး ရရှိတဲ့ အချိန်ဖြစ်တယ်။ ဒါပေမဲ့ ဝယ်လိုအားမရှိတာနဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ကန့်သတ်မှုတွေရှိတဲ့အတွက် ဈေးနှုန်း တွေကတော်တော်ကျလာပြီး အရင်နှစ်ဈေးနှုန်းနဲ့ယှဉ်ရင်တော့ ဒီနှစ်ကထက်ဝက်လောက်တောင်မရှိ တော့ဘူး” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌက ပြောသည်။

 ◾️ယခင်နှစ်က သံပရာသီးပိဿာချိန် ၄၀ ဝင်တစ်အိတ်လျှင်ကျပ် ၃၀,၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ၁၀,၀၀၀ ကျော်သာ ရရှိလာတော့ကြောင်း၊ ယခုဈေးနှုန်းမှာ တောင်သူများ စိုက်ပျိုးစရိတ်သာရရှိသည့် အခြေအနေဖြစ်ပြီး ယခုဈေးနှုန်းထက် ဆက်လက်ကျဆင်းလျှင် အဆင်မပြေဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။

 ◾️“ဒီနှစ်က စိုက်ပျိုးတဲ့အရေအတွက်ကလည်း နည်းတယ်။ အဲဒါကြောင့်ဈေးကောင်းရဖို့မျှော်လင့်ထား ကြတာ။ အခု ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့် အဘက်ဘက်က အခက်အခဲတွေဖြစ်လာ တာပါ။ သွားလာမှုတွေလွယ်ကူအောင် လည်းလုပ်စေချင်တယ်” ဟု သံပရာစိုက် တောင်သူ ဦးအောင်မိုး က ပြောသည်။

 ◾️သံပရာသီးများမှာ နှစ်ရှည်သီးနှံအမျိုးအစားအဖြစ် စတင်စိုက်ပျိုးချိန် နှစ်နှစ်ခန့်ကြာသည့်အချိန်က စတင်အသီးသီးကြောင်း၊အသီးသီးသည့်အနေအထားမှာ စိုက်ပျိုးသူ ပြုစုယုယသည့်အခြေအနေပေါ် မူတည်ကြောင်း သိရသည်။သံပရာမျိုးအဖြစ် ဗမာသံပရာ၊ သံပရိုပင်နှင့် နယ်ပယ်ဒေသအလိုက် ပေါက်ရောက်သောမျိုး စသည့်ဖြင့် မျိုးအမျိုးအစားအမျိုးမျိုးရှိပြီး အများဆုံးစိုက်ပျိုးသည့်မျိုးမှာ သံပရိုမျိုးဖြစ်ကြောင်း၊ သံပရိုမှာ အရည်ထွက်ရှိမှုနှင့် အလုံးအထည်လှပမှုများကြောင့် ပိုမိုစိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးသန့်

မြန်မာတောင်သူကြီးများဂျာနယ်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄ - ၂၁) ရက်