menu

ပဲ၊ ဆီထွက်နှင့် စားဖိုဆောင်သီးနှံရှစ်မျိုးကို လာမည့်ဆောင်းရာသီကစ၍ ချေးငွေ ထုတ်ချေးပေးတော့မည်

လာမည့်ဆောင်းစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံလေးမျိုး၊ ဆီထွက်သီးနှံနှစ်မျိုးနှင့် စားဖိုဆောင်သီးနှံနှစ်မျိုးတို့ကို ချေးငွေများ စတင် ထုတ်ချေးပေးတော့မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်သည်။ 

ထပ်မံတိုးချဲ့ထုတ်ချေးမည့် ပဲမျိုးစုံ လေးမျိုးမှာ ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲတို့ဖြစ်ပြီး ဆီထွက်သီးနှံနှစ်မျိုးမှာ ပန်းနှမ်း၊ နေကြာနှင့် စားဖိုဆောင်သီးနှံနှစ် မျိုးမှာ ကြက်သွန်နီ၊ ငရုတ်စသည့် ပြည်ပပို့ကုန်နှင့် ပြည်တွင်း၌ စားသုံးမှုများပြားသောသီးနှံများကို ဆောင်းစိုက်ပျိုးရာသီ ချေးငွေပေးချိန်ကစတင်ပြီး ထုတ်ချေးသွားမည်ဖြစ်သည်။ 

 ဆောင်းချေးငွေကို ယခင်နှစ်များက အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးပြီး နောက်နှစ် ဇွန်လကုန်တွင် နောက်ဆုံးပေးဆပ်ရန်သတ်မှတ်ခဲ့ကာ တောင်သူများချေးငွေပေးဆပ်မှု အဆင်ပြေစေရန် ယခုနှစ်တွင် ပေးဆပ်ရန် နောက်ဆုံးရက်ကို စက်တင်ဘာ ၁၅ ရက်အထိ ထပ် တိုးသတ်မှတ်ပေးထားကြောင်း သိရသည်။ ထို့ကြောင့် တောင်သူများ ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန်လည်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အသိပေးနှိုးဆော်ထားသည်။

ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမည့်ကာလနှင့် ပြန်လည်ပေးဆပ် ရမည့်ကာလများမှာ ဆောင်းချေးငွေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလ မှာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထားဆပ်ရမည်ဟု သိရသည်။မိုးကြိုချေးငွေကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှ မတ်လကုန်အထိဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် နောက်ဆုံးထား၍ ပြန်ဆပ်ရမည်ဟု သိရသည်။ ထို့ပြင် မိုးချေးငွေကို ၂၀၂၀ ပြည့်နှစ် မေလဆန်းမှ စက်တင်ဘာလကုန်အထိဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက် နောက်ဆုံး ထား၍ ပြန်ဆပ်ရမည်ဟု သိရသည်။ 

ယခုအခါ သီးနှံအမျိုးအစားအလိုက် စပါးတစ်ဧက ကျပ် ၁၅ဝဝဝဝ နှုန်း၊ အခြား သီးနှံများနှင့် ချက်ကြံကို တစ်ဧက တစ်သိန်းနှုန်းဖြင့် တောင်သူတစ်ဦးချင်း ၄င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက် မှတ် ပုံစံ (၇) မူရင်းကို ဘဏ်တွင် အပ်နှံပြီး တောင်သူတစ်ဦးချင်းစီ ကိုယ်တိုင်အာမခံသောစနစ်ဖြင့် ချေးငွေများရယူနိုင်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧက ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်းငါးသောင်းသို့၊ အခြားသီးနှံ ကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းသို့၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းသို့ အသီးသီးတိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

“စပါးအပြင် တခြားသီးနှံတွေကိုပါ ချေးငွေတိုးချဲ့ထုတ်ချေးလာတဲ့အတွက် ဝမ်းသာပါတယ်။ အဘတို့ရဲ့ ကျွဲကောသီးနှံလို နှစ်ရှည်သီးနှံအမည်တွေအတွက်တော့ ချေးငွေမရသေးဘူး။ နှစ်ရှည်သီးနှံတွေကလည်း ရင်းနှီးမြှုပ်နှံမှုကြီးမားတယ်။ လာမယ့်နှစ် တွေမှာ နှစ်ရှည်သီးနှံတွေအတွက်လည်း တခြားသီးနှံတွေနည်းတူ အခွင့်အရေးရစေချင်ပါတယ်” ဟု ကျွဲကောစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချ သူများအသင်းက ဦးဝင်းရွှေက ပြောသည်။ 

ပွင့်ဖြူဖြူလွင်
မြန်မာတောင်သူကြီးများဂျာနယ်