menu

ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးတည်ငြိမ်နေပြီး ပုံမှန်သာအရောင်းအဝယ်ဖြစ်နေ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

↗️ ယခုရက်များတွင် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးတည်ငြိမ်နေပြီး ပုံမှန်သာအရောင်းအဝယ်ဖြစ်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှသိရသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုအပါအဝင် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးဈေးတည်ငြိမ်နေပြီး ပုံမှန်သာအရောင်းအဝယ်ရှိနေကြောင်း၊ ဆီထွက်သီးနှံအုပ်စုဖြစ်သည့် မြေပဲ၊ နှမ်းတို့မှာ အရောင်းအဝယ်သွက် ဈေးကောင်းနေသော်လည်း အခြားပဲမာလိုင်းနှင့် ပို့ကုန်ပဲများ ဈေးတည်ငြိမ်နေကြောင်း၊ မကြာမီ မြေပဲဆံအသစ်များ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)က ပြောသည်။

↗️ "ပြည်တွင်းသုံးကုလားပဲတွေက ပုံမှန်ဈေးတန်းအတိုင်းပဲရှိနေပါတယ်။ ဈေးအတက်၊ အကျ အပြောင်းအလဲသိပ်မရှိသလို အရောင်းအဝယ်လည်းပုံမှန်သာရှိပါတယ်။ နောက်ရက်ပိုင်းတွေမှာ အသစ်ဝင်မြေပဲဆံတွေဝင်ရောက်ဖို့ရှိပါတယ်။ လက်ရှိမှာတော့ မြေပဲဆံတွေဈေးကောင်းနေပါတယ်။ မတ်ပဲဈေးကတော့ ငြိမ်နေပါတယ်။ အရည်အသွေးအလိုက်အနည်းငယ်ဈေးကွာခြားမှုရှိပေမယ့် ထိပ်စတစ်အိတ်ကို ငွေကျပ် ၃၀၀,၀၀၀ လောက် ပေါက်ဈေးရှိပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေကတော့ ဈေးငြိမ်နေပါတယ်။ နှမ်းဈေးကွက်ကတော့ အရောင်းအဝယ်သွက်၊ ဈေးကောင်းနေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးတည်ငြိမ်နေပြီး အရောင်းအဝယ်ကတော့ ပုံမှန်လေးသာရှိနေပါတယ်" ဟု ၎င်းက ပြောသည်။

↗️ ဇူလိုင်(၂၇)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ်၂၉၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ 

↗️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးနှုန်းအတက်အကျအနည်းငယ်သာရှိပြီး လက်ရှိဈေးတန်းက အောက်ခံဈေးတန်းဖြစ်လာရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင်ငွေကျပ် ၂၅၃,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၇,၀၀၀၊ 929 ကုလားပဲတစ် အိတ်လျှင် ငွေကျပ်၂၄၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ 

↗️ မြေပဲဆံနှင့်နှမ်းမျိုးစုံ ဆက်လက်ဈေးမြင့်တက်နေရာ ဇူလိုင်(၂၇)ရက်အတွက် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ ပဲပုပ်တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈,၆၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၇,၅၀၀ ပေါက်ဈေးရှိနေသည်။

↗️ ဇူလိုင်(၂၇)ရက်တွင် နှမ်းမျိုးစုံပေါက်ဈေး ဆက်လက်မြင့်တက်နေရာ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၅၅၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၃၅,၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေကျပ် ၃၈၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၃၅,၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၁၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်းသိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)