menu

“ပေါ်ဦးပေါ်ဖျားပဲမြစ်များ တစ်ပိဿာ ကျပ် ၃,၅၀၀ ပေါက်စျေးဖြင့် ဝယ်လိုအားကောင်းနေ”


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

🔸မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြိုနယ်ရှိ ကျေးရွာများတွင် ပဲမြစ်များ ယခုရက်ပိုင်းတွင် စတင်၍ လှိုင်လှိုင်ထွက်ရှိလာပြီဖြစ်ရာ မန္တလေးဈေးကွက်မှတစ်ဆင့် အခြားဒေသအသီးသီးသို့ ဈေးကောင်းဖြင့် ပိုဆောင်ပေးရလျှက်ရှိကြောင်း မန္တလေးရှိပွဲရုံများမှသိရသည်။

🔸လက်ရှိဈေးကွက်အတွင်း တံတားဦးမြို့အနောက်ဘက် မြင်းသည်ရွာနှင့်သူငယ်တော်ရွာအကြားရှိ မြို့သာ အသွားကားလမ်းမဘေးရှိ မကျီးတောရွာမှထွက်ရှိသည့်ပဲမြစ်များမှာ စားသုံးသူများအကြိုက်ဆုံးဖြစ်၍ ဝယ်လိုအား ပိုမိုကောင်းမွန်ကြောင်းလည်း သိရသည်။

🔸"ပဲမြစ်က အခုချိန်မှာ ပေါ်ဦးပေါ်ဖျားဆိုတော့ အနယ်နယ်အရပ်ရပ်ကနေ မှာတာတွေ များနေတဲ့အတွက် မန္တလေးမြို့ကနေထွက်တဲ့ကားဂိတ်ရှိရာမြိုတိုင်းကို နေ့တိုင်း အများအပြားတင်ပို့ပေးနေရတဲ့အထိ ရောင်းအားကောင်းနေတာပါ။ ဈေးနှုန်းကတော့ အရွယ်အစားနဲ့ အရည်အသွေးပေါ် မူတည်ပြီးတော့ ကွာခြားမှုရှိတယ်။ နိုဝင်ဘာလကုန်ပိုင်းဆိုရင် ဒီထက်ပိုလှိုင်လှိုင်ထွက်ရှိလာတော့မှာပါ။ ပဲမြစ်ကိုရေသွင်း စိုက်ပျိုးကြရာမှာ နုံးမြေ၊ သဲမြေနဲ့မြေစီးပေါ်မူတည်ပြီးတော့မှ အရသာ ကွာခြားသွားကြတာပါ။ မကျီးတောပဲမြစ်ကတော့ အရသာကစီးပိုင်သလို အူတံ(ပဲမြစ်အတွင်းကအမျှင်)သေးတဲ့အတွက် လူကြိုက်ပိုများတာဖြစ်ပါတယ်"ဟု တံတားဦးမြိုနယ်မှ ပဲမြစ်ကုန်သည်တစ်ဦးက ပြောသည်။

🔸မြန်မာနိုင်ငံတွင် ပဲမြစ်ကို ဇူလိုင်လတွင် စတင်စိုက်ပျိုးလေ့ရှိ၍ တံတားဦးမြိုနယ်ရှိ မကျီးတော၊ စကားအင်း၊ ပင်းယ၊ မြေတော်၊ ကူးတို့ဆိပ်ရွာများရှိ ယာမြေများမှ အစောဆုံး ထွက်ရှိတတ်ပြီး အရသာကောင်းမွန်မှုကြောင့် လူကြိုက်များကြောင်း သိရသည်။

🔸လက်ရှိဈေးကွက်အတွင်း ဝယ်ယူမှုအားကောင်းနေသည့် မကျီးတောပဲမြစ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ် ၃,၅၀၀၊ အလတ်စ ကျပ် ၃,၀၀၀ ပေါက်ဈေးပြီ လက်ရှိတွင် မိတ္ထီလာ၊ တောင်ကြီး၊ မုံရွာ၊မော်လမြိုင် စသည့် မြိုကြီးများရှိ ပွဲရုံများသို ပို့ဆောင်ရောင်းချနေရကြောင်း သိရသည်။

🔸လယ်ယာထွက်ကုန်ဈေးကွက်သတင်းများကို သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

Credit to : ရွှေမန်း (The Farmer Media)