menu

ပြောင်းလဲနေသည့် ပဲမျိုးစုံနှင့် နှမ်းဈေးကွက်


🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿

🔹ပြည်ပပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံမှာ လက်ကျန်ပဲ အဟောင်းများအထိ အရောင်းအဝယ်ကောင်းနေပြီး အညာပဲတီစိမ်းများမှာ အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ နှစ်ဖက်ဝယ်လက်များ စျေးကောင်းပေးဝယ်ယူနေသဖြင့် အရောင်းအဝယ်ကောင်းနေကြောင်း နှင့် စျေးကွက်ကျဆင်းနေသည့် နှမ်းနက်အဝယ်ပြန်လိုက်လာကြောင်း မန္တလေးပဲမျိုးစုံကုန်သည်များထံက သိရသည်။ 

🔹ပဲစင်းငုံစျေးကွက်မှာ လက်ကျန် ၂၀၁၈-၂၀၁၉ခုနှစ်က ပဲဟောင်းများအပါအဝင် အရောင်းအဝယ်ကောင်းနေကြောင်းသိရပြီး ဇွန်လဆန်းပိုင်းက တစ်သိန်းအောက်ပင် ရှိခဲ့ရာမှ ဇွန်လ ၁၆ ရက်တွင် သုံးတင်းဝင် တစ်အိတ် ကျပ် ၁၀၃,၀၀၀ ကျော်အထိစျေးမြင့်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ “ပြည်တွင်း စိုက်ပျိုးမှုက နည်းထားတော့ ပဲစင်းငုံစျေးကတော့ စျေးကောင်းပြီး တစ်အိတ် ကျပ် ၁၀၃,၀၀၀ စျေးထိဖြစ်လာတယ်။ ပဲစင်းငုံ က ၂၀၁၈-၂၀၁၉ ပဲဟောင်းတွေပါ အရောင်းအဝယ် ကောင်းလာတယ်။ စျေးဆက်တက်နိုင်ပေမယ့် အရေအတွက် များများ မရှိတော့ပါဘူး ” ဟု ၄င်းက ပြောသည်။ 

🔹ပဲတီစိမ်းမှာမူ စျေးကွက်အတွင်း ယခင်က အရောင်းအဝယ်နည်းသွားသော်လည်း ပေါက်စျေးကောင်း လာပြီး အဝယ်သွက်နေကြောင်း သိရသည်။ ပဲတီစိမ်းရွှေဝါစျေးမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀ ထိ စျေးမြင့်တက်ခဲ့ပြီး အညာပဲတီစိမ်းမှာ ကျပ် ၁၀၅,၀၀၀ ထိ ဈေးမြင့်တက်လာကြောင်း ပဲ ကုန်သည် ဦးဌေးအောင်က ပြောသည်။ “ ပဲတီစိမ်းကတော့ မိုးမရွာရင် အရည်အသွေးကောင်း အရောင် လှတော့ စျေးကောင်းလဲရပါတယ်။ ဒီရက်ပိုင်း တရုတ်ပြည်တင်ပို့တဲ့ကားခ စျေးကျလို့ ပဲတီစိမ်းအဝယ် ပြန်ကောင်းလာပါတယ်။ ပဲတီစိမ်းအညာတွေက ရန်ကုန်စျေးကွက်ရော တရုတ်ကိုရော နှစ်ဖက် အဝယ်လိုက်နေတာပါ ”ဟု ၎င်းကပြောသည်။ 

🔹တချိန်ထဲမှာပင် မတ်ပဲမှာ မေလဆန်းပိုင်းကတည်းက နယ်စျေးကွက်တွင် လက်ကျန် မရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စျေးကောင်းစောင့်ရောင်းချသည့် တောင်သူအနည်းငယ်ထံတွင်သာ လက်ကျန် ရှိသဖြင့် လာမည့်မတ်ပဲစိုက်ရာသီတွင် စိုက်ပျိုးမှုမြင့်တက်လာနိုင်ကြောင်း ပဲကုန်များက သုံးသပ်သည်။ “လက်ရှိမတ်ပဲပေါက်စျေးကောင်းလာတော့ တောင်သူတွေ အဆင်ပြေသင့်သလောက်ပြေခဲ့တယ်။ အရောင်းမှန်အဝယ်မှန်တယ်။ ကုန်သည်တွေအကျိုးအမြတ်များတဲ့နှစ် ဖြစ်ခဲ့ပါတယ်။ တောင်သူအနည်းစု ကတော့ မတ်ပဲစျေးကောင်းကိုရလိုက်တာတွေ့ရပါတယ်။ လာမယ့်စိုက်ပျိုးချိန်မှာတော့ မတ်ပဲစိုက်ပျိုးမှု မြင့်တက်လာနိုင်တယ်။ လက်ကျန်ရှိတဲ့တောင်သူတွေကတော့မရောင်းသေးဘဲ စျေးစောင့်ရောင်းနေတာ မျိုးရှိတယ်။

🔹"မတ်ပဲ အလုံးကြီးတွေကတော့ စျေးကွက်ကောင်းနေပါတယ်။ ဇွန် ၁၆ ရက်နေ့မှာ နယ်စျေး တစ်တင်း ကျပ် ၃၇,၀၀၀ ပေါက်စျေးရှိပြီး မြို့ပေါ်စျေး သုံးတင်းဝင်တစ်အိတ်လျှင် ၁၁၂,၅၀၀ ထိပေါက်စျေးရှိတယ်။ မတ်ပဲ လက်ကျန်တောင်သူတွေကတော့ တစ်တင်း ကျပ် ၄၀,၀၀၀ ဝန်းကျင်စျေးရရှိဖို့ မျှော်လင့်နေကြတယ်” ဟု ဓနုဖြူမြို့မှ ပဲကုန်သည် ဦးနိုင်ဝင်းက ပြောသည်။

🔹နှမ်းနက်မှာမူ လက်ရှိပို့ကုန်ပဲစျေးမှာ အရောင်းအဝယ်ကောင်းနေသကဲ့သို့ ထူးထူးခြားခြား စျေးကွက် ကျဆင်းနေရာမှ ရက်ပိုင်းအတွင်း စျေးမြင့်တက်ကာ အဝယ်လိုက်လာကြောင်း ပဲကုန်သည် ဦးဌေးအောင်က ပြောသည်။ “တရုတ်ဝယ်လက်များလို့ နှမ်းနက်စျေးတက် အဝယ်လိုက်တယ်။ နှမ်းစျေးကွက်ကျဆင်းနေတာကနေ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၅,၀၀၀ ကနေ ၈,၀၀၀ ကြား စျေးမြင့်တက်လာပါတယ်။ နှမ်းနက်စားသုံးတဲ့ ဆောင်းရာသီရောက်တော့မှာဖြစ်လို့ တစ်လနှစ်လ ကြိုဝယ်လာတဲ့အချိန်ဖြစ်လို့ အရောင်းအဝယ်ကောင်းလာတာပါ” ၄င်းကပြောသည်။ နှမ်းနက်ပေါက်စျေး မှာ ဇွန်လဆန်းပိုင်းတွင် သုံးတင်ဝင်တစ်အိတ် ကျပ် ၁၄၃,၀၀၀ ဝန်းကျင်ရှိရာမှ ဇွန် ၁၆ ရက်နေ့တွင် တစ်အိတ် ကျပ် ၁၅၀,၀၀၀ ထိ ဈေးရကာ အဝယ်သွက်လာကြောင်းသိရသည်။ 

Sources : ရွှေမန်း (The Farmer Journal)