menu

ပြောင်းပေါ်ချိန် တောင်သူများ စျေးကောင်းရရှိနေ


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

🔘ထိုင်းနယ်စပ်ဂိတ်မှ လက်ရှိတင်ပို့မှုရပ်နားထားသော်လည်း နိုင်ငံခြားငွေ ဒေါ်လာစျေး ၊ ဘတ်ငွေစျေးများ မြင့်တက်နေသဖြင့် ပြောင်းပေါ်ချိန် တောင်သူများစျေးကောင်းရရှိနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။

🔘ထိုင်း-မြန်မာ နယ်စပ် မြဝတီကုန်သွယ်ရေးဂိတ်မှ ပြောင်းတင်သွင်းမှုကို ထိုင်းနိုင်ငံက စက်တင်ဘာလမှ ဇန်နဝါရီလထိ ငါးလကြာရပ်နားထားသော်လည်း ၎င်းနိုင်ငံအတွင်း ပြောင်းလိုအပ်ချက် မြင့်မားနေခြင်း ကြောင့် ပုံမှန်ပင်လယ်ရေကြောင်းမှ တင်ပို့ခြင်း၊ ပြည်တွင်းအစာစက်ရုံများမှလည်း စုဆောင်းဝယ်ယူမှု ရှိနေခြင်းကြောင့် ပြောင်းပေါ်ချိန်တွင် ယခင်နှစ်ထက် ပိုမိုစျေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

🔘“ပြောင်းစျေးက ဒီနှစ်တောင်သူတွေ စျေးပိုရလာတယ်။ မနှစ်က ပြောင်းပေါ်ချိန်စျေးက ကျပ် ၄၀၀ ကျော်ပဲ ရှိတာကနေ ဒီနှစ်တော့အစိုဓာတ်ပေါ်မူတည်ပြီး တစ်ပိဿာ ကျပ် ၁၀၀ ကျော် စျေးပိုရပါတယ်။ လက်ရှိမှာ ကုန်သည်တွေ ဆိပ်ကမ်းအရောက်၊ ရန်ကုန်အရောက်စျေးက တစ်ပိဿာ ကျပ် ၆၀၀ ကျော်ပေါက်စျေး ရှိပါတယ်။ နယ်စျေးကတော့ ပြောင်းအစိုဓာတ် အနည်းအများအပေါ် စျေးကွာခြားမှု ရှိနေပါတယ်။ ယခုနှစ်မှာ ပြောင်းစျေး စျေးမြင့်တက်လာနိုင်တာဖြစ်လို့ သိုလှောင်ပြီး စောင့်ရောင်းချင်တဲ့ တောင်သူတွေအတွက် အလားအလာကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

🔘လက်ရှိပြောင်းစတင်ထွက်ရှိချိန်တွင် ရှမ်းတောင်၊ ရှမ်းမြောက်ဒေသ နှင့် ကယားဒေသများမှ ပြောင်းထွက်ရှိနေပြီး နယ်တောင်သူစျေးကွက်တွင် တစ်ပိဿာကျပ် ၃၀၀-၄၀၀ ပေါက်စျေးမှာ အစိုစျေးဖြစ်ပြီး ခြောက်သွေ့မှုကောင်းပါက တစ်ပိဿာ ကျပ် ၆၀၀ ကျော် စျေးရှိကြောင်း သိရသည်။ လာမည့်ဆောင်းရာသီ ပြောင်းသီးနှံစိုက်ပျိုးမှုတွင် မျိုး နှင့် မြေဆီစျေးများမှာ ယခင်နှစ်ထက် နှစ်ဆကျော် စျေးမြင့်တက်နေသဖြင့် မြေရှိသလောက် တောင်သူများ မစိုက်ပျိုးနိုင်ဘဲ စိုက်ပျိုးမှုလျော့ကျနိုင်ကြောင်း သိရသည်။

🔘စက်တင်ဘာလ ၂၃ ရက် မန္တလေးကုန်စည်ဒိုင်ပေါက်စျေးများအရ ပြောင်းဖူး(ရှမ်း) ၅၄ ပိဿာ တစ်အိတ် ကျပ် ၃၂,၀၀၀- ၃၃,၀၀၀ ၊ စီပီပြောင်းတစ်အိတ် ကျပ် ၃၃,၀၀၀ ၊ အထွက်နီပြောင်းတစ်အိတ် ကျပ် ၅၀,၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)