menu

“ပဲအသစ်ရာသီကိုစောင့်ဆိုင်းရင်း ပြည်တွင်းလက်ကျန်ပဲများ အရောင်းအဝယ်အေးနေ”


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✅ဒီဇင်ဘာလလယ်ခန့်တွင် အသစ်ဝင်ရောက်လာမည့် ပဲသစ်များနှင့်အတူ ပဲနှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်သွက်လာနိုင်မည်ဖြစ်ကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။ နိုဝင်ဘာလကုန်ရက်များ တွင် အသစ်ဝင်နှမ်းမျိုးစုံဈေးကွက်မှာ တစ်အိတ်ငွေကျပ် ၈၀,၀၀၀ ခန့် အထိ ဈေးကျဆင်းသွားရာမှ လှောင်လက်သမားများ အဝယ်များလာတာကြောင့် နှမ်းဈေးကွက် ပြန်လည်ဦးမော့လာခဲ့သည်။ အသစ် ဝင် နှမ်းနက်တစ်အိတ် ငွေကျပ် ၂၆၀,၀၀၀ သို့ ပြန်လည်ရောက်ရှိလာသော်လည်း ယခင် တစ်အိတ် ငွေကျပ် ၃၀၀,၀၀၀ ဈေးတန်းသို့မရောက်ရှိသေးကြောင်း လက်ရှိအချိန်တွင် ပို့ကုန်ပဲအသစ်များ ဝင်ရောက်မည့် ဒီဇင်ဘာလလယ်ခန့်အချိန်တွင်မှ မတ်ပဲ၊ ပဲစင်းငုံဈေးကွက် ပြန်လည်ကောင်းလာနိုင် မည်ဖြစ်ကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✅“နှမ်းမျိုးဈေးကွက်က ဈေးတော်တော်ကျဆင်းသွားတယ်။ ထိပ်စတစ်အိတ်ကျပ် ၂၂၀,၀၀၀ ကနေ ၁၉၀,၀၀၀ - ၂၀၀.၀၀၀ အထိ ဈေးကျတယ်။ နိုဝင်ဘာ (၂၇) ရက် အထိ ဈေးကျဆင်းနေတာပါ။ နှမ်း ဈေးကျဆင်းလာတော့ တရုတ်လှောင်လက်တွေ အဝယ်ကောင်းလာတယ်။ နှမ်းနက်တစ်အိတ် ကျပ် ၈၀,၀၀၀ လောက်ထိ ဈေးကျဆင်းနေတော့ အဝယ်ကောင်းလာကြရာကနေ နိုဝင်ဘာ (၂၉) ရက်မှာတော့ ပုံမှန်ဈေးတန်းကို ပြန်မရောက်သေးပေမယ့် ဈေးပြန်တက်လာပါတယ်။ လက်ရှိမှာ အနိမ့်ဆုံးနှမ်းက ကျပ် ၂၂၀,၀၀၀ နဲ့အမြင့်ဆုံးနှမ်းက ကျပ် ၂၆၀,၀၀၀ ကို ဈေးပြန်တက်လာပါတယ်။ နှမ်းဖြူအသစ်က တစ်အိတ်ငွေ ကျပ် ၂၄၀,၀၀၀ ဈေး ဖြစ်လာပေမယ့် ဈေးကောင်းရတာတော့မဟုတ်သေးဘူး။ ကျန် ပို့ကုန်ပဲနဲ့ ပြည်တွင်းသုံးကုလားပဲတွေကတော့ ဈေးခပ်အေးအေးသာရှိပါတယ်။ မြေပဲဆန်ကတော့ ပုံမှန်သာအဝယ်ရှိသလောက် အဝယ်သွက်နေတယ်။ နိုဝင်ဘာလကုန်ရက်များမှာ နှမ်းဈေးကွက် ပြုတ်ကျသွားပြီး လက်ရှိမှာ ဈေးပြန်မြင့်တက်လာသော်လည်း ပုံမှန်ဈေးတန်းကို မရောက်ရှိသေးပါဘူး။ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၈၀,၀၀၀၊ မတ်ပဲတစ်အိတ် ငွေကျပ် ၁၇၀,၀၀၀ အရောင်းထွက်သော်လည်း ဝယ်လက်က ဈေးလျှော့ဝယ်ယူတော့ အရောင်းအဝယ်ပါးနေတယ်။ ဒီဇင်ဘာ(၁၅) ရက်လောက်ဆိုရင် ပဲအသစ်တွေထွက်လာတော့မှာဖြစ်လို့ အရောင်းအဝယ်ပြန်သွက်လာနိုင်တယ်။ တရုတ်လိုင်းတင်ပို့မှုမှာ လည်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများနှင့် နယ်စပ်ဂိတ်လော့ဒေါင်းချမှုတွေများတော့ တင်ပို့မှုလျော့ ကျနေတာပါ” ဟု ၎င်းကပြောသည်။

🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘

ဒီဇင်ဘာလလယ်ခန့်တွင် ၂၀၂၃ ပဲသစ်ရာသီရောက်ရှိတော့မှာဖြစ်တာကြောင့် လက်ကျန်ပဲများ အရောင်းအဝယ်အေးနေရာ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၇၀,၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၇၇,၀၀၀ သာ ပေါက်ဈေးဖြစ်နေသည်။ ပဲတီစိမ်းအညာမှာ ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၁၄၃,၀၀၀ ပေါက်ဈေးရှိသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်နေသည်။ 

🥜မြေပဲ🥜

မြေပဲဆန်အသစ်များ ပုံမှန် အဝင်ရှိသလောက်အဝယ်ရှိနေပြီး ဈေးနှုန်းအပြောင်းအလဲမရှိဖြစ်နေရာ နိုဝင်ဘာ(၂၉) ရက်တွင် ထိပ်စမြေပဲဆံမှာ ငွေကျပ် ၅,၃၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်နေပြီး ဆီဆံမှာ တစ်ပိဿာငွေကျပ် ၅.၃၀၀ - ၅,၄၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁,၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁,၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆,၅၀၀ ပေါက်ဈေးရှိနေသည်။

✅မကြာမီ အသစ်ဝင်ရောက်လာတော့မည့် ပဲသစ်ရာသီကိုစောင့်ဆိုင်းရင်း ပြည်တွင်းလက်ကျန်ပဲများ အရောင်းအဝယ်အေးနေ၍ ပြည်တွင်းလက်ကျန် ပဲဈေးကွက်တစ်ခုလုံးအေးနေရာ နိုဝင်ဘာ (၂၉) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၈၆,၅၀၀၊ ပဲယင်းတစ်အိတ်လျှင် ငွေကျပ် ၁၂၅,၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၃၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင်ငွေကျပ် ၁၅၅,၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၃၇,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၀၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

✅သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း(မကွေးဂျာနယ်)