menu

ပဲအသစ်ပေါ်ချိန် ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက်အခြေအနေ


************************************  

မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း ဒေသပေါင်းစုံကထွက်ရှိသည့် ပဲအသစ်များ ဝင်လာနေသော်လည်း ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ခြင်းမရှိခြင်းကြောင့် ဈေးပြိုင်စနစ်ဖြင့် မရောင်းချနိုင်သဖြင့်ဈေးနှုန်း အတက် အကျပြောင်းလဲမှု သိသိသာသာမရှိဘဲ ငြိမ်နေသည်။  

ပဲတီစိမ်း  
-------  

နယ်ပေါင်းစုံက ပဲတီစိမ်းများ မန္တလေးဈေးကွက်သို့ ဝင်ရောက်နေပြီး တရုတ်နိုင်ငံကလည်း ဝယ်ယူမှု ပုံမှန်ရှိနေသည့် ပဲအမျိုးအစားဖြစ်သော်လည်း မန္တလေးကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ကုန်သည် အချင်းချင်း ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူသည့်ပုံစံမျိုး မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၅ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၁၂၈,၀၀၀ ရှိရာမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ကျပ်၁၂၇,၀၀၀ မှ ကျပ် ၁၃၀,၀၀၀ ကြား ရှိနေသည်။ လက်ရှိ အခြေအနေအရ ဈေးနှုန်းသိသိသာသာ မြင့်တက်နိုင်မည့်အခြေအနေမရှိပေ။  

ပဲစင်းငုံ  
------  

အသစ်ထွက်ရှိချိန် ဖြစ်သော်လည်း မန္တလေးဈေးကွက်အတွင်းသို့ အဝင်မရှိသေးသဖြင့် ၂၀၂၀ ပြည့်နှစ် ထွက် ပဲစင်းငုံများကိုသာ အရောင်းအဝယ်ပြုလုပ်နေသည်။ လက်ရှိဈေးနှုန်းမှာ အောက်ဆုံးဈေးဖြစ်သည့် သုံးတင်းဝင်တစ်အိတ် ကျပ် ၆၄,၀၀၀ ဖြစ်နေသဖြင့် သိုလှောင်သူများက ရောင်းချခြင်းမရှိသဖြင့် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။  

မတ်ပဲ  
-----  

ဈေးကွက်အတွင်း ဝင်ရောက်မှုများလာသည့်အပြင် အရည်အသွေးပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက် အနည်းငယ်ရှိနေသည်။ မန္တလေးဈေးကွက်အတွင်း ဒီဇင်ဘာ ၂၅ ရက်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ် လျှင် ကျပ် ၉၅,၀၀၀ ရှိရာမှ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၉၃,၀၀၀ သို့ ကျဆင်းလာသည်။ ယခုအခြေအနေ အရ ဈေးနှုန်းမြင့်တက်နိုင်ခြေ နည်းပါးသည်။  

ကုလားပဲ  
--------  
ပြည်တွင်းအဝယ်သာရှိပြီး တစ်နယ်နှင့်တစ်နယ် သယ်ယူပို့ဆောင်ရာတွင် သာမန်ထက်ပို၍ ကုန်ကျစရိတ် မြင့်မားနေခြင်းကြောင့် အရောင်းအဝယ် သိသိသာသာမဖြစ်ဘဲ ငြိမ်နေသည်။ မန္တလေးဈေးကွက်အတွင်း ၌ ဇန်နဝါရီ ၁ ရက်တွင် ကုလားပဲ (ထိုင်ဝမ်) တစ်အိတ်လျှင် ကျပ် ၇၆,၀၀၀ ရှိပြီး ယခင်သီတင်းပတ် ထက် ကျပ် ၄,၀၀၀ ခန့် ကျဆင်းလာသကဲ့သို့ ကုလားပဲ(နိုင်းတူးနိုင်း)မှာလည်း တစ်အိတ်လျှင် ကျပ် ၈၃,၅၀၀ သို့ ရောက်ရှိကာ ယခင်သီတင်းပတ်ထက် ကျပ် ၁,၅၀၀ ခန့် ကျဆင်းလာသည်။  

နှမ်း  
---  
အသစ်ထွက်ရှိလာပြီး ဈေးကွက်အတွင်း အဝင်များနေသဖြင့် ဈေးနှုန်းကျမည်ဟု ခန့်မှန်းမှုများရှိ သော် လည်း အဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံက ဆက်တိုက်ဝယ်ယူနေသဖြင့် ဈေးနှုန်းကျဆင်းခြင်း မရှိဘဲ အနည်းငယ်ပင် မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်တွင် စမုန်နှမ်းနက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၆၅,၀၀၀ မှ ကျပ် ၁၇၀,၀၀၀ ကြားရှိခဲ့ရာမှ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၇၀,၀၀၀ မှ ၁၈၀,၀၀၀ ကြားသို့ရောက်ရှိလာသည်။နှမ်းဖြူမှာလည်း ကျပ်၁၂၂,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ သို့မြင့်တက်လာသည်။ ဈေးနှုန်းမြင့်တက်လာသည်မှာမှန်သော်လည်း ပြည်တွင်းနယ်ပယ်ပေါင်းစုံက လှိုင်လှိုင်ဝင် ရောက်လာခြင်း မရှိသေးသဖြင့် ဈေးနှုန်းအတက်အကျအခြေအနေကို ခန့်မှန်းရန်ခက်ခဲကြောင်း ကုန်သည်များထံမှသိရသည်။  

မျိုးသန့်  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄-၁၀) ရက်။