menu

ပဲမျိုးစုံဈေးကွက် အခြေအနေ


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

⏭ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ ၊မတ်ပဲ နှင့် ပဲတီစိမ်းစျေးနှုန်းများ ဆက်လက်စျေးမြင့်တက်လာနေပြီး တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်မည့်ရက် မသေချာသေးသဖြင့် နှမ်းနက် အဝယ်အနည်းငယ် လျော့ကျသော်လည်း ပဲတီစိမ်းဝယ်လိုအားကောင်းနေကြောင်းသိရသည်။

⏭စက်တင်ဘာလ ဒုတိယသီတင်းပတ်တွင် ဗဟိုဘဏ်မှ ဒေါ်လာ ၁၅ သန်း တစ်ကြိမ် ၊ ရှစ်သန်း တစ်ကြိမ် ထုတ်ရောင်းလာမှုကြောင့် နိုင်ငံခြားငွေ ဒေါ်လာ ပေါက်ဈေး အနည်းငယ် ကျဆင်းလာခြင်းနှင့်အတူ ပဲမျိုစုံ အဝယ်မှာ အနည်းငယ်အေးသွားသည်။ သို့သော်လည်း ပဲစင်းငုံစျေး ၊ပဲတီစိမ်းစျေးများဆက်လက် မြင့်တက်လာပြီး မတ်ပဲ နှင့် နှမ်းနက်စျေးမှာ ရပ်တန့်နေကြောင်း၊ ပြည်တွင်းသုံး ကုလားပဲနှင့် ပဲမာလိုင်းများမှာ အသစ်ပေါ်ချိန်ကာလ ငါးလခန့်လိုသေးချိန်တွင် ပြည်တွင်းသုံးစွဲမှု မြင့်မားလာခြင်းကြောင့် ပစ္စည်းပြတ်လပ်များ ရှိလာနိုင်ကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

⏭“တရုတ်နယ်စပ်ဂိတ် ဖွင့်လှစ်မည့်သတင်းတွေကြောင့် နှမ်းနက်စျေးတွေ ကောင်းလာရာကနေ အဝယ်အေးသွားပါတယ်။ နှမ်းနက်ပေါက်စျေးကတော့ တစ်အိတ်လျှင် ကျပ် ၁၉၅,၀၀၀ ကို ရှယ်ထိပ်စ အက်စစ်လွတ်မှာသာ ဝယ်ယူမှုရှိနေတယ်။ ပဲတီစိမ်းကတော့ ပစ္စည်းနည်းပါးလာတော့ စျေးဆက်လက် မြင့်တက်လာတယ်။ ပဲစင်းငုံလည်း သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၆,၀၀၀ ဆက်တက်လာတယ်။ မတ်ပဲကတော့ စျေးကွက်မှာ တစ်အိတ်ကျပ် ၂,၀၀၀ လောက်စျေးကျသွားတယ်။ ပြည်တွင်းသုံးကုလားပဲ တွေကတော့ လက်ကျန်နည်းလာသလို စျေးကတော့တန့်နေပါတယ်။ ပဲအသစ်ပေါ်ချိန်က ငါးလလောက်လိုသေးတော့ ပြည်တွင်းမှာ ကုလားပဲအုပ်စုပဲတွေ ပစ္စည်းပြတ်လပ်သွားနိုင်တယ်။ ကုန်စည်ဒိုင်မှာတော့ ကိုဗစ်-၁၉ လျော့ကျလာတော့ အရင်လို ပြန်အရောင်းအဝယ်ကောင်းလာပါပြီ” ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ နှင့် မတ်ပဲ
---------------
အိန္ဒိယပို့ကုန် ပဲစင်းငုံစျေးမှာ စက်တင်ဘာ ဒုတိယ သီတင်းပတ် ၁၆ ရက်နေ့တွင် သုံးတင်းဝင် အိတ် တစ်အိတ်လျှင် ကျပ် ၁၃၆,၀၀၀ ထိဆက်လက်မြင့်တက်လာရာ ယခင် ထက် ကျပ် ၆,၀၀၀ စျေးတက်လာ ပြီး မတ်ပဲစျေးမှာ ကျပ် ၂,၀၀၀ ခန့် အနည်းငယ် လျော့ကျသွားသဖြင့် တစ်အိတ်လျှင် ကျပ် ၁၄၈,၀၀၀ ပေါက်စျေးဖြစ်သွားကြောင်းသိရသည်။

ပဲတီစိမ်း နှင့် နှမ်းနက်
------------------
တရုတ်နယ်စပ်ကုန်သွယ်မှု ဖွင့်လှစ်ရက် မသေချာမှုများကြောင့် ပဲတီစိမ်းမှာ လက်ကျန်ပစ္စည်းနည်းလာ ပြီး ၀ယ်လိုအားကောင်းကာ သုံးတင်းဝင်တစ်အိတ်ကျပ် ၂,၀၀၀ ခန့် ဆက်လက် စျေးမြင့်တက်လာပြီး တစ်အိတ်ကျပ် ၁၁၅,၀၀၀ ထိ ပေါက်စျေးရှိလာသည်။ ပြည်တွင်းလက်ကျန် များနေသည့် နှမ်းနက်မှာမူ အဝယ် အနည်းငယ်အေးသွားပြီး အက်စစ်လွတ် အရည်အသွေးကောင်းမှသာ အဝယ်ရှိတော့ကြောင်း သိရသည်။ နှမ်းနက်စျေးမှာ စက်တင်ဘာ ၁၆ ရက်နေ့တွင် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၉၅,၀၀၀ သာ ပေါက်စျေးရှိတော့သည်။

⏭ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အမြင့်စျေးဖြင့်ရပ်တန့်နေပြီး ပြည်တွင်းသုံးစွဲမှု မြင့်မားလာခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုများ ဖြစ်လာနိုင်ကြောင်း၊ ယခင်က ပြည်ပမှ စားတော်ပဲများ ဝင်ရောက်မှုကြောင့် စျေးကွက် ကျဆင်းခဲ့သော်လည်း ယခုအချိန်တွင် အခြားပဲမာလိုင်းများပါ စျေးမြင့်တက်လာကြောင်း သိရသည်။ 

⏭စက်တင်ဘာ ၁၆ ရက်နေ့ တွင် ဗွီတူးကုလားပဲ တစ်အိတ် ကျပ် ၁၂၉,၀၀၀၊ နိုင်းတူးနိုင်းကုလားပဲ တစ်အိတ်ကျပ် ၁၂၂,၀၀၀ ၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ် ကျပ် ၁၁၇,၀၀၀ အသီးသီးပေါက်စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည်။ အိန္ဒိယပို့ကုန်ပဲများ ဒေါ်လာစျေးမြင့်တက်မှုနှင့်အတူ အဝယ်လိုက်နေပြီး တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်မည့်ရက် မသေချာသေးသော်လည်း ပြည်တွင်း ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့် စျေးကွက်အတွင်း စျေးနှုန်း အတက်အကျ အပြောင်းအလဲ မြန်ဆန်နေကြောင်းနှင့် မန္တလေးပဲနှမ်းစျေးကွက်တွင် အရောင်းအဝယ်ပြန်လည်စည်ကားနေကြောင်းသိရသည်။

Sources : ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)