menu

ပဲမျိုးစုံဈေးနှုန်း မြင့်တက်လာ


မန္တလေးပဲမျိုးစုံ ဈေးကွက်အတွင်း ပြည်ပတင်ပို့နေသော ပဲသီးနှံအမျိုးအစားများ ဈေးနှုန်းမြင့်တက်လာကြောင်း မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းထံမှ သိရသည်။

ပဲတီစိမ်း
-------

ငွေဈေးနှုန်းများ မြင့်တက်လာသဖြင့် မန္တလေးဈေးကွက်အတွင်း ဇန်နဝါရီ ၃၀ ရက်တွင် ပဲတီစိမ်းရွှေဝါသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၃၂,၅၀၀ ရှိရာက ဖေဖော် ဝါရီ ၅ ရက်တွင် ကျပ် ၁၃၆,၀၀၀ အထိ မြင့်တက်လာခဲ့သည်။ လက်ရှိတွင် အရောင်းအဝယ်မှာလည်း ကောင်းမွန်လျက်ရှိခြင်းကြောင့် အတက်ဈေးဖြင့် ရပ်နေမည့်အခြေအနေတွင်ရှိသည်။

မတ်ပဲ
-----

မတ်ပဲဈေးနှုန်းတက်နိုင်သည့်အနေအထားမရှိဟု သုံးသပ်ခဲ့ကြသော်လည်း ရန်ကုန်ဝယ်လက်အချို့ ဝယ်ယူလာခြင်းနှင့် ပြည်တွင်းလုပ်ငန်းများက ဝယ်ယူမှုရှိသဖြင့် အဝယ်သွက်လာသဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၃,၅၀၀ မှ ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၉၄,၅၀၀ သို့ မြင့်တက်လာသည်။ ဈေးနှုန်းကျဆင်းမည့်အခြေအနေမရှိပေ။

ပဲစင်းငုံ
------

ရန်ကုန်ဝယ်လက်များနှင့် သိုလှောင်သူများ အဝယ်ဆုံသဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၇၆,၀၀၀ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၇၇,၀၀၀ မှ ၇၇,၅၀၀ ကြားသို့ မြင့်တက်လာသည်။ အဝယ်သွက်လက်နေခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်နိုင်ခြေရှိသည်။

နှမ်း
---

နှစ်ကူးကာလဖြစ်ခြင်းကြောင့် အဝယ်နည်းသဖြင့် မန္တလေးဈေးကွက်အတွင်း အရောင်း အဝယ်အေးလျက်ရှိပြီး ဈေးနှုန်းလည်း သိသိသာသာပြောင်းလဲမှုမရှိပေ။ ဖေဖော်ဝါရီ ၅ ရက်တွင် စမုန်နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၅၅,၀၀၀၊ နှမ်းဖြူတစ်အိတ်လျှင် ကျပ် ၁၁၈,၀၀၀ မှ ၁၂၃,၀၀၀ ကြား၊ နှမ်းညိုတစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀ ရှိသည်။ 

ကုလားပဲ
--------

ယခုသီတင်းပတ်အတွင်း ပြည်တွင်း စားသောက်ကုန်လုပ်ငန်းများ ဝယ်ယူမှုများလာသဖြင့် အရောင်း အဝယ်သွက်လက်လျက်ရှိသော်လည်း ဝယ်လိုအားနှင့် ရောင်းလိုအားမျှတနေသဖြင့် ဈေးနှုန်း ပြောင်းလဲမှုမရှိပေ။ ဖေဖော်ဝါရီ ၅ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ မှ ၇၄,၀၀၀ ကြား၊ ကုလားပဲ(နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၇၈,၀၀၀ မှ ၇၉,၀၀၀ ကြား၊ ကုလားပဲ(ဗွီတူး) တစ်အိတ်လျှင် ကျပ် ၈၂,၀၀၀ ရှိသည်။

စားတော်ပဲ
---------

ငွေဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ဇန်နဝါရီ ၃၀ ရက်တွင် စားတော်ပဲ(ကနေဒါ) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅,၅၀၀ ရှိရာက ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၇၇,၀၀၀ သို့ မြင့်တက်လာသည်။ ပြည်ပအဝင်နည်းလျှင် ယခုဈေးနှုန်းထက် ဆက်လက်မြင့်တက်နိုင်မည့်အခြေအနေတွင်ရှိသည်။

မြေပဲ
----

တရုတ်နိုင်ငံက ပြည်တွင်းဈေးကွက်အတွင်းရှိ မြေပဲများကို အရည်အသွေးကိုမကြည့်ရဘဲရသလောက် ဝယ်ယူသည့်အနေအထားကြောင့် ဈေးနှုန်းမြင့်တက်လာသည်။ ဇန်နဝါရီ ၃၀ ရက်တွင် မြေပဲရွေးဆန် (S1) တစ်ပိသာလျှင် အမြင့်ဆုံး ကျပ် ၃,၀၀၀ ရှိရာက ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၃,၄၀၀ မှ ၃,၅၀၀ ကြားသို့ မြင့်တက်လာသည်။

မျိုးသန့်

မြန်မာတောင်သူကြီးများဂျာနယ်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၈ - ၁၄) ရက်