menu

ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းများ ငြိမ်နေပြီး အတက်အကျ ပြောင်းလဲမှုနည်းနေ

ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းများ ငြိမ်နေပြီး အတက်အကျ ပြောင်းလဲမှုနည်းနေ

************************************  

☑️မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲ၊ နှမ်းတို့ကိုတင်ပို့ရန် ရှိနေသော် လည်း ပြည်တွင်း အဝယ်သိသိသာသာမရှိသဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ငြိမ်နေ ကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။  

🌿ပဲစင်းငုံ🌿  

အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၂၀ ရက်မှ ၂၇ ရက်အတွင်း တင်ပို့ရန်ရှိသော်လည်း ပြည်တွင်းဝယ်လက်များက သိသိသာသာ ဝယ်ယူမှုမရှိသေးပေ။ ပြီးခဲ့သည့်သီတင်းပတ်က ပေါက်ဈေးနှုန်းအတိုင်းသာရှိနေသော် လည်း ယခင်လများနှင့်နှိုင်းယှဉ်လျှင် ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင် ကျပ်ထောင်ဂဏန်းခန့် ဈေးကျ ဆင်းနေသည်ဟု ဆိုနိုင်သည်။ တင်ပို့ဖို့ရှိပေမဲ့ ဝယ်ယူမှုနည်းတဲ့အတွက် ဈေးနှုန်းကအတက်အကျမရှိဘဲ တန့်နေတယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာတော့ ပြန်ကောင်းလာမဲ့အခြေအနေ ရှိပါတယ်။ ဈေးက ကျဖို့တော့နည်းပါတယ်ဟု မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြော သည်။ နိုဝင်ဘာ ၁၃ ရက်တွင် ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၈၆,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။  

🍃မတ်ပဲ🍃  

မတ်ပဲမှာလည်း ပဲစင်းငုံကဲ့သို့ပင် အိန္ဒိယနိုင်ငံသို့ တင်ပို့ရန်ရှိနေသော်လည်း ပြည်တွင်းရှိ ကုန်သည်များက ဈေးနှုန်းတိုးမြှင့်ပေးကာ မဝယ်ကြသဖြင့် အတက်အကျမရှိဘဲ ငြိမ်နေသည်။ ပြည်တွင်းစားသောက်ကုန် လုပ်ငန်းများက ဝယ်ယူနေသော်လည်း ပမာဏများများမဟုတ်သဖြင့် အရောင်းအဝယ်ဖြစ်သည်ဆိုရုံလောက် ဖြစ်နေသည်။ သို့သော်လည်း အဝယ်ရှိနေခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲငြိမ်နေသည်။ နိုဝင်ဘာ ၁၃ ရက်တွင် မတ်ပဲ(ထိပ်စ) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၅,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား ရှိနေသည်။  

🌿ကုလားပဲ🌿  

တောင်သူများက စိုက်ပျိုးရေးအတွက် အဝယ်များနေသဖြင့် ကုလားပဲမျိုးဈေးနှုန်းများ ကောင်းနေသည်။ ကုလားပဲမျိုး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၄,၀၀၀ မှ ကျပ် ၈၅,၀၀၀ ကျပ်ကြား ပေါက်ဈေးရှိနေ သည်။ စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုသည့် ကုလားပဲအမျိုးအစားမှာ တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀ ဝန်းကျင်ခန့်သာရှိကြောင်း သိရသည်။  

🍃ပဲတီစိမ်း🍃  

တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူမှုရှိသော်လည်း ဈေးနှုန်းတိုးမြှင့်ဝယ်ယူမည့်အခြေအနေမရှိသဖြင့် ဈေးနှုန်း အတက်အကျ ပြောင်းလဲမှုမရှိပေ။ နိုဝင်ဘာ ၁၃ ရက်တွင် ပဲတီစိမ်းထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၄,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ ကြားတွင် အရောင်းအဝယ်ဖြစ်နေသည်။  

🌿နှမ်း🌿  

ပြည်ပဝယ်ယူမှုရှိသော်လည်း အသစ်ပေါ်ချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းများ ပေါများနေသဖြင့် ဈေးနှုန်းမြင့်တက်ခြင်းမရှိပေ။ စမုန်နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၉၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ ကြား၊ နှမ်းဖြူ တစ်အိတ်လျှင် ကျပ် ၁၂၂,၀၀၀ ဝန်းကျင် ပေါက်ဈေးဖြင့်အရောင်းအဝယ် ဖြစ်နေသည်။ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုများ ယခုရက်ပိုင်းအတွင်း မဖြစ်ပေါ်နိုင်သေးကြောင်း ကုန်သည်များက သုံးသပ်သည်။  

မျိုးသန့်  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၁၆-၂၂)ရက်။