menu

"ပဲမျိုးစုံစျေးကွက်အေးနေပြီး နှမ်းနက် အမြင့်စျေးပြန်လည်ရောက်ရှိ"


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✅သီတင်းကျွတ်လပြည့်ကျော်အခါရက်များတွင် နှစ်စဉ်ဖြစ်မြဲအတိုင်း ပဲ၊ နှမ်း စျေးကွက်များ အေးနေခဲ့သော်လည်း နှမ်းနက်တစ်မျိုးတည်းသာအဝယ်လိုက်နေသဖြင့် စျေးကွက်ကောင်းကာ အမြင့်စျေးပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

✅တရုတ်နိုင်ငံသို့ပင်လယ်ရေကြောင်းမှတင်ပို့နိုင်ရန် တရုတ်ဝယ်လက်များ အဝယ်လိုက်သဖြင့် နှမ်းနက်မှာ ယခင်အမြင့်ဆုံးစျေး သုံးတင်းဝင်တစ်အိတ်ကျပ် ၂၇၀,၀၀၀ ကျော်ကို မရောက်ရှိသေးသော်လည်း အောက်တိုဘာလ(၂၅) ရက်တွင် သုံးတင်းဝင်တစ်အိတ် ကျပ် ၂၅၀,၀၀၀ သို့ တဖြေးဖြေး ပြန်လည်မြင့်တက်လာသည်။ လက်ရှိအချိန်တွင်အသစ်ဝင်နှမ်းများနည်းလာသဖြင့် အက်စစ်လွတ် ထိပ်စနှမ်းနက်များစျေးကောင်းလာသလို အတ်စစ်မလွတ်သည့် နှမ်းများလည်း အရည်အသွေးအလိုက် စျေးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။

✅“နှမ်းနက်တစ်ခုတည်း စျေးကောင်းအဝယ်လိုက်နေပါတယ်။ နှစ်စဉ်သီတင်းကျွတ်ကာလ အခါရက်တွေမှာ အရောင်းအဝယ်ရပ်ပြီး ပဲ၊နှမ်းစျေးကွက်ကျဆင်းလေ့ရှိပါတယ်။ နှမ်းနက်က လှောင်သမားဝယ်လက်တွေ အများကြီးရှိပါတယ်။ လက်ရှိမှာ နှမ်းနက်ပစ္စည်းအသစ်ဝင်ရောက်မှုနည်းလာသလို တရုတ်နိုင်ငံဘက်တင်ပို့ရာမှာ ရေလမ်းကြောင်းကနေ အေးအေးဆေးဆေးတင်ပို့နိုင်သလို ရက်ကြာလည်းပြဿနာမရှိဘူး။ ဒီနှစ်နှမ်းဝယ်ယူမှုမှာ အက်စစ်လွတ် ထိပ်စတွေကိုပဲ စျေးကောင်းပေးဝယ်တယ်။ အက်စစ်မလွတ်ရင်စျေးလျော့တယ်။ လက်ရှိမှာ နှမ်းအသစ်ဝင်ရောက်မှုနည်းလာတော့ ဒီစျေးတန်းကနေ ကျဆင်းစရာမရှိတော့ပါဘူး။ အခြား ပဲစင်းငုံ ၊ မတ်ပဲအပါအဝင် ပဲမျိုးစုံကတော့ အကျစျေးတွေနဲ့ အရောင်းအဝယ်ပျောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

✅အောက်တိုဘာ (၂၅) ရက်ဈေးကွက်အရ နှမ်းနက်ထိပ်စ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၅၀,၀၀၀ ပေါက်စျေးရှိလာရာ (၁၀)ရက်အတွင်း နှမ်းတစ်အိတ်ကျပ် ၃၅,၀၀၀ ဝန်းကျင် စျေးမြင့်လာခြင်းဖြစ်သည်။ နှမ်းနက်စမုန်မှာ အရည်အသွေးအလိုက် တစ်အိတ်ကျပ် ၁၄၀,၀၀၀ မှ ၂၅၀,၀၀၀ ကြား စျေးအသီးသီးဖြင့်အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅,၀၀၀ မှ ၃၅,၀၀၀ ထိ စျေးတက်လာသည်။ နှမ်းဖြူသစ် ဂျပန်မှာ တစ်အိတ် ကျပ် ၁၇၀,၀၀၀ ၊ နှမ်းဖြူ သစ်ရိုးရိုးတစ်အိတ် ကျပ် ၁၅၀,၀၀၀ နှင့် နှမ်းညို(သစ်) တစ်အိတ် ကျပ် ၁၂၃,၀၀၀ ပေါက်စျေးရှိကာ အဝယ်သွက်လာကြောင်းသိရသည်။

✅မြေပဲဆံဈေးကွက်မှာမူ လက်ရှိတွင် တရုတ်နယ်စပ်မှတစ်ဆင့် တင်ပိုခွင့်မရဘဲ ပြည်တော်ပြန်မြေပဲများ စျေးကွက်ထဲပြန်ဝင်နေခြင်းကြောင့် စျေးမြင့်တက်မှုမရှိဘဲ စျေးကွက်အေးနေသည်။ အောက်တိုဘာ (၂၅) ရက်တွင် မြေပဲလုံးဆံ တစ်ပိဿာ ကျပ်၂,၉၀၀-၃,၀၅၀ ၊ အနီလုံးဆံ တစ်ပိဿာကျပ် ၂,၆၅၀ ရှိကြောင်း သိရသည်

✅ပြောင်းသီးနှံပေါက်စျေးမှာမူ ရန်ကုန်မြောင်းတကာအရောက် တစ်ပိဿာ ကျပ် ၆၁၀-၆၃၀ ၊ မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိဿာတစ်အိတ် ကျပ် ၃၁,၅၀၀ ၊ ရှမ်းပြည်နယ်စျေး နောင်ချို တစ်ပိဿာ ကျပ် ၅၅၀-၅၆၀ စျေးရှိကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။“ပြောင်းစျေးကွက်က နိုင်ငံခြားတင်ပို့နိုင်မှုပေါ်မှာ မူတည်ပြီး စျေးကောင်းတာပါ။ လက်ရှိမှာတော့ ဒေါ်လာစျေးပြန်ကျတာရယ် ၊ ဒေသအစုံပြောင်းလှိုင်လှိုင်ပေါ်လာတာရယ်၊ မြဝတီလိုင်းပိတ်ထားချိန် ရေကြောင်းတစ်ခုတည်းအားကိုးနေရတော့ ပြောင်းကုန်သည်တွေစျေးချဝယ်ယူလာတော့ စျေးနည်းနည်းပြန်ကျသွားတာပါ။ ဒါတောင် သယ်ယူစရိတ်တွေလည်း ဒေသအကွာအဝေးအလိုက် ဆီစျေးတက်တော့ တန်ဆာခတွေလည်းစျေးတက်လာပါတယ်။ လက်ရှိပြောင်းပေါက်စျေးက တောင်သူတွေ ယခင်နှစ်ထက်တော့ ပိုရနေပါတယ်” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

✅သီတင်းကျွတ်ကာလ ပိတ်ရက်များတွင် အခြားပို့ကုန် ပဲစင်းငုံ ၊မတ်ပဲ နှင့် ပဲတီစိမ်းတို့မှာ စျေးကွက်အတွင်း အရောင်းအဝယ်မရှိသလောက်အေးသွားပြီး ပို့ကုန်အလားအလာကောင်းနေသည့် နှမ်းနက်တစ်မျိုးတည်းသာ စျေးကွက်အတွင်း အရောင်းအဝယ်ရှိနေခြင်းဖြစ်သည်။

✅ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : ရွှေမန်း(Farmer Media)