menu

ပဲနှမ်းစျေးကွက်အတွင်း မြေပဲ၊ နှမ်း နှင့် ပြောင်း စျေးကွက်အခြေအနေ


🌿🌽🥜🌽🌿🥜🌿🌽🥜🌽🌿

🔸ကထိန်ရာသီအလွန် တန်ဆောင်မုန်းလပြည့်ကျော်နောက်ပိုင်း ပဲနှမ်းစျေးကွက်အတွင်း မြေပဲနှင့် နှမ်းသာ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ်သွက်နေကြောင်း ကုန်သည်များထံကသိရသည်။ နိုဝင်ဘာ လကုန်ပိုင်းတွင် ပြည်တွင်းပဲနှမ်းစျေးကွက်အတွင်း လက်ကျန်ပဲများမရှိတော့ပဲ အသစ်ဝင်ရောက်နေသည့် နှမ်းနက်နှင့်မြေပဲသာ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ်သွက်နေကြောင်း နှင့် လက်ရှိ တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်မည့်အခြေအနေတွင် ပဲနှမ်းပို့ကုန်များအတွက် စရိတ်ပိုမိုကုန်ကျ မည့်သတင်းများကြောင့် အရောင်းအဝယ်စျေးကွက်အနည်းငယ်ကျဆင်းသွားကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

🔸သို့သော် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အသစ်မပေါ်ခင်လက်ကျန်နည်းနေခြင်းကြောင့် စျေး အနည်းငယ်ပြန်တက်လာကြောင်း သိရသည်။ “တန်ဆောင်မုန်းလပြည့်ကျော်နောက်ပိုင်းမှာ ပဲနှမ်း စျေးကွက်က အရောင်း အဝယ် ပုံမှန်သာရှိပါတယ်။ ဒီရက်ပိုင်း တရုတ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မယ့် အခြေအနေက ပုံမှန်ကုန်သွယ်မှုထက် စရိတ်ပိုမိုကုန်ကျမည့်သတင်းတွေကြားလို့ အရောင်းအဝယ်က အေးတောင်သွားတယ်။ စျေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းနေတဲ့ နှမ်းစျေးတောင် နည်းနည်း ကျသွားတယ်။ လက်ရှိစျေးကွက်ထဲမှာ နှမ်းနဲ့မြေပဲကတော့ တက် တက်စျေး၊ ကျ ကျစျေးအတိုင်း အရောင်းအဝယ်ကောင်းနေပါတယ်။ အဓိကအရောင်းအဝယ်ကောင်းနေတာတော့ မြေပဲနဲ့နှမ်းပါပဲ။ အခြားပဲတွေက ဇန်နဝါရီလလယ်လောက်မှ ပဲအသစ်တွေပေါ်မှာပါ” ဟု ၎င်းက ပြောသည်။

နှမ်းနက်
-------
ဒေသအစုံမှ ဝင်ရောက်လာသည့် နှမ်းနက်များကို ပို့ကုန်သမားများ ဝယ်ယူစုဆောင်းချိန်ဖြစ်ခြင်းကြောင့် စျေးကွက်အတွင်းပေါက်စျေးအတိုင်း အရောင်းအဝယ်သွက်နေသည်။ တရုတ်နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေအနေနှင့်အတူ စျေးအနည်းငယ်ကျဆင်းသော်လည်း ဝယ်လိုအားပိုမိုကောင်းမွန် လာရာ နိုဝင်ဘာ ၂၄ ရက်နေ့တွင် နှမ်းနက် ထိပ်စ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၃၅,၀၀၀ ပေါက်စျေးရှိပြီး အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ၂၃၅,၀၀၀ စျေးဖြင့် အမျိုးအစား အလိုက် အဝယ်သွက်နေသည်။ နှမ်းဖြူသစ် ဂျပန်မှာ တစ်အိတ် ကျပ် ၁၇၅,၀၀၀၊ နှမ်းဖြူ သစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၆၃,၀၀၀၊ နှမ်းညို(သစ်) ကျပ် ၁၂၈,၀၀၀ ပေါက်စျေးရှိ အဝယ်သွက်လာသည်။ ယခင်လ စျေးကွက်နှင့်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံစျေးမြင့်တက်လာသည်ကို တွေ့ရသည်။

မြေပဲ
----
မန္တလေးပတ်ဝန်းကျင် ဒေသများမှ မြေပဲအသစ်များနေ့စဉ်ဝင်ရောက်မှုကောင်းနေပြီး မြေပဲဆံများကို ဆီစက်များနှင့် ပို့ကုန်သမားများ အဝယ်ရှိခြင်းကြောင့်စျေးကျဆင်းမှုမရှိဘဲ အဝယ်သွက်နေရာ နိုဝင်ဘာလ ၂၄ ရက်တွင် မြေပဲလုံးဆံ တစ်ပိဿာ ကျပ်၂,၉၅၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၂,၉၀၀၊ ပြည်တွင်းမြေပဲဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ ၊ နေကြာဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ ပေါက်စျေးဖြင့် စျေးငြိမ်နေပြီး စားအုန်းဆီ တစ်ပိဿာ ကျပ် ၄,၄၀၀ အသီးသီး ပေါက်စျေးရှိသည်။ ပြည်တွင်းရောင်းချ သည့် စာအုန်းဆီစျေးမှာ အနည်းငယ်စျေးကျဆင်းသွားသော်လည်း မြေပဲ၊နေကြာဆီစျေးမှာ ဈေးတည်ငြိမ်နေသည်။

ပြောင်း
-----
နိုင်ငံခြားပြောင်းအဝယ်(FOB)စာချုပ်များမှာ ဒီဇင်ဘာအထိ ရှိနေသဖြင့် ပြည်တွင်းပြောင်းစျေးတက်လာ နိုင်ကြောင်း သိရသည်။ ပြောင်းတစ်တန်လျှင် ၂၄၅ဒေါ်လာအထက်တွင် အရောင်းအဝယ်ဖြစ်လာနိုင်ခြေ ရှိသဖြင့် ပြည်တွင်းပြောင်းပေါက်စျေးမှာ နိုဝင်ဘာလအတွင်း တဖြည်းဖြည်းမြင့်တက်လာကြောင်း ပြောင်းကုန်သည်တစ်ဦးက ပြောသည်။ တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ပါက ပြောင်းစျေး ကောင်းရရှိနိုင်ရန် မျှော်မှန်းထားပြီး ရှမ်းမြောက်ဒေသနှင့် ကချင်ပြည်နယ်ဒေသတို့မှ ပြောင်းပွဲရုံများ ပစ္စည်းစုဆောင်းမှုများရှိနေကြောင်း နယ်စျေးနှင့် ရန်ကုန် မန္တလေးပြောင်းပေါက်စျေးမှာ ကွာခြားမှု နည်းလာရာ နိုဝင်ဘာလ၂၄ရက်တွင် ရန်ကုန် မြောင်းတကာအရောက် ပေါက်စျေး တစ်ပိဿာ ကျပ် ၆၉၀-၇၁၀ ၊ မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိဿာတစ်အိတ် ကျပ် ၃၅,၅၀၀၊ ရှမ်းပြည်နယ်စျေး နောင်ချို၊ တောင်ကြီး တစ်ပိဿာ ကျပ် ၆၀၀-၆၂၅ ပေါက်စျေးရှိကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။

🔸တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများရှိသော်လည်း ပို့ကုန်လယ်ယာထွက်ကုန်များ တင်ပို့ရန် ကိုဗစ်စစ်ဆေးမှု၊ ယာဉ်နှင့်ယာဉ်မောင်း အပြောင်းအလဲ အစရှိသည့် စရိတ်များ ထပ်တိုးရှိလာသဖြင့် ကွန်တိန်နာတစ်စီးဆံ့ ကားတစ်စီးစာအတွက် ကျပ်သိန်း၂၀ဝန်းကျင် ပိုမိုကုန်ကျနိုင်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

Sources : ရွှေမန်း