menu

ပဲစင်းငုံဈေးပြန်ကျလာသော်လည်း အခြားပဲမျိုးစုံ အရောင်းအဝယ်ပုံမှန်ဖြစ်နေ


🔸➖🔹➖🔸➖🔹➖🔸➖🔹➖🔸

 မန္တလေးတိုင်းဒေသကြီးအတွင်းက ပဲများကို အများဆုံးဝယ်ယူနေသည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဝယ်ယူနေဆဲဖြစ်သဖြင့် ကိုဗစ်ကာလဖြစ်သော်လည်း ပဲများ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းထံမှ သိရသည်။ 

ပဲစင်းငုံ 
------- 

အိန္ဒိယသို့ တင်ပို့ရန် သတ်မှတ်ထားသည့်ကာလ မှီ ၊ မမှီကို ချင့်ချိန်ကာ ကုန်သည်များကဝယ်ယူမှု ရပ်နားလိုက်ခြင်းကြောင့် ဈေးတက်နေခဲ့သည့်ပဲစင်းငုံများ အောက်တိုဘာ ၂၂ ရက်တွင် ဈေးအနည်းငယ်ကျဆင်းလာသည်။ အောက်တိုဘာ ၂၁ ရက်အထိ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၆,၀၀၀ အထိ ရှိခဲ့ရာက အောက်တိုဘာ ၂၃ရက်တွင် ကျပ် ၉၅,၀၀၀ အောက်သို့ ကျဆင်းလာသည်။ အိန္ဒိယက သူတို့ဆီ ကို ပဲစင်းငုံတန်ချိန်လေးသိန်းတင်သွင်းဖို့အတွက် နောက်ဆုံးရက်အဖြစ် နိုဝင်ဘာ ၁၅ ရက်သတ်မှတ်ထား ပါတယ်။အခုက အဲဒါတွေကို ချိန်ပြီး စောင့်ကြည့်နေတာကြောင့် ဈေးက အေးလာတာဖြစ်ပါတယ်။ ဈေးအတက်အကျကတော့ စောင့်ကြည့်ရဦးမယ်“ဟု မန္တလေး မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။ 

မတ်ပဲ 
------ 

မန္တလေးဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းပါးခြင်းကြောင့် အရည်အသွေးကောင်းသည့် မတ်ပဲများ ဈေးနှုန်းကောင်းလျက်ရှိသည်။ ဈေးနှုန်းအနည်းငယ်တက်လာခြင်းကြောင့် ရန်ကုန်ဝယ်လက်များက မဝယ်သေးဘဲ စောင့်ကြည့်နေသည်။ သို့သော် ပြည်တွင်းစားသောက်ကုန်လုပ်ငန်း အသုံးပြုရန်ပဲခွဲစက် များကမှန်မှန်ဝယ်ယူလျက်ရှိသဖြင့် အောက်တိုဘာ ၁၆ ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၂,၀၀၀ ရှိရာက အောက်တိုဘာ ၂၃ ရက်တွင် ကျပ် ၁၂၆,၀၀၀ သို့ ဈေးနှုန်းမြင့်တက်လာသည်။ လက်ရှိအခြေအနေမှာ ဈေးနှုန်းကျဆင်းနိုင်ခြေမရှိသေးကြောင်း မန္တလေးဈေးကွက်အတွင်းရှိ ကုန်သည်များက ခန့်မှန်းထားသည်။  

ကုလားပဲ 
--------- 

ပြည်တွင်းပဲခွဲစက်လုပ်ငန်းများက ဝယ်ယူမှုကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အောက်တိုဘာ ၁၆ ရက်တွင် ကုလားပဲလုံးဖြူကြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၆,၀၀၀ မှ အောက်တိုဘာ ၂၃ ရက် တွင် ကျပ် ၉၇,၀၀၀ မှ ၉၈,၀၀၀ ကြားသို့ မြင့်တက်လာသည်။ အခြားကုလားပဲအမျိုးအစားများဖြစ်သည့် ကုလားပဲ (နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ၉၁,၀၀၀ ကြား၊ ကုလားပဲ (ထိုင်ဝမ်) တစ်အိတ် လျှင် ကျပ် ၈၅,၀၀၀ မှ ၈၆,၀၀၀ ကြား ပေါက်ဈေးရှိကာ ဈေးနှုန်းအတက်အကျပြောင်းလဲမှုမရှိသော် လည်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသည်။  

ပဲတီစိမ်း 
-------- 

တရုတ်နိုင်ငံကဆက်တိုက်ဝယ်ယူနေသော်လည်း ဈေးနှုန်းတိုးမပေးသည့်အတွက်ဈေးနှုန်း အတက်အကျ မရှိဘဲ ငြိမ်နေသည်။ အောက်တိုဘာ ၂၃ ရက်တွင် ပဲတီစိမ်းသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၂၇,၀၀၀ ကြားရှိသည်။ တရုတ်က ဈေးတိုးမပေးပေမဲ့ ဆက်တိုက်ဝယ်ယူနေတယ်။အဲဒါကြောင့်ဈေးနှုန်း မတက်ပေမဲ့ ဈေးမာနေတယ်လို့ ပြောလို့ရတယ်။ လိုအပ်ချက်တွေရှိတဲ့အတွက် ဈေးကကျဖို့မမြင်ဘူးဟု ကုန်သည် ဦးညိုက ပြောသည်။ 

နှမ်း 
----- 

နှမ်းရောင်စုံထဲမှ တရုတ်နိုင်ငံက နှမ်းနက် (စမုန်) တစ်မျိုးတည်းကိုသာ ဝယ်ယူနေသည်။ ထို့ကြောင့် နှမ်းနက်မှာ အောက်တိုဘာ ၁၆ ရက်တွင် ကျပ် ၁၉၅,၀၀၀ ရှိရာက လက်ရှိတွင် ကျပ် ၂၀၀,၀၀၀ မှ ၂၀၅,၀၀၀ ကြားသို့ မြင့်တက်လာသည်။ ဈေးကွက် အတွင်း အရည်အသွေးကောင်းနှမ်းများ နည်းပါးလာ ခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်နိုင်သေးကြောင်း ကုန်သည်များက သုံးသပ်သည်။ 

 မျိုးသန့် 
 မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ( ၂၆ ) - နိုဝင်ဘာ ( ၁) ရက်။