menu

ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲစင်းငုံတို့ ဈေးမြင့်တက်လာသည့် သီးနှံဈေးကွက်အခြေအနေ


🌿🍃🌽🍃🌿🌽🌿🍃🌽🍃🌿

⏭ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှပဲတင်သွင်းမှုကာလအား ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ထပ်မံ တိုးမြှင့်လိုက်သဖြင့် ပြည်ပပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲ နှင့် ပဲတီစိမ်းတို့မှာ ဈေးအသီးသီး မြင့်တက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။

⏭ လာမည့် ပဲရာသီအသစ်တွင် ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့မှာ ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ အများအပြား ပေါ်ထွက်လာမည်ဖြစ်သည်။ လက်ရှိ စတင်ဝင်ရောက်နေသည့် ပဲစင်းငုံမှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်ဖြင့် ဈေးကွက်အတွင်း ဝင်သလောက်အရောင်းအဝယ် ဖြစ်နေပြီး မတ်ပဲမှာလည်း တစ်တင်း ကျပ် ၄၀,၀၀၀ အောက်ရောက်ရှိနေရာမှ ဈေးပြန်လည်မြင့်တက်လာသည်။ ပဲတီစိမ်းအညာမှာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၂၀,၀၀၀ ကျော်ရှိနေရာ ယခင်နှစ်ထက် ဈေးမြင့်တက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

⏭ "အိန္ဒိယကပဲတင်သွင်းခွင့်သက်တမ်းထပ်တိုးလိုက်တော့ ပို့ကုန်မတ်ပဲတွေ ဈေးမြင့်တက်လာတယ်။ လက်ရှိမှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၂၀,၀၀၀ ဖြစ်လာပါတယ်။ ပဲစင်းငုံက ဈေးသိပ် အကောင်းကြီး မဟုတ်သေးပေမယ့် ဝင်သလောက် အကုန်ဖမ်းဝယ်နေတယ်။ ကြိုရောင်း၊ ကြိုဝယ်စနစ်နဲ့ အရောင်း အဝယ်ဖြစ်နေတာ နှမ်းနက်ကတော့ ဈေးကျဆင်းမှုရပ်သွားပါတယ်။ မြေပဲဆီအဆံတွေလည်း အရောင်းအဝယ်ကောင်းလာတယ်။ ပဲတီစိမ်းအညာကလည်း ထွက်သလောက် အဝယ်ရှိနေတယ်။ လက်ရှိပဲ၊ နှမ်းဈေးကွက်မှာ နှမ်း၊ မြေပဲ၊ အရောင်းအဝယ် ကောင်းနေပါတယ်။ ပဲစင်းငုံကတော့ အဝင်နည်းသေးတယ်"ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ .....

ဒီဇင်ဘာလကုန်ပိုင်းတွင် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာသည့်အချိန်တွင် အိန္ဒိယနိုင်ငံမှ မတ်လကုန်အထိ သက်တမ်းတိုးမြှင့်လာကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းရာမှ ပြန်လည် ဈေးမြင့်တက်လာရာ ဒီဇင်ဘာ(၂၃) ရက်တွင် မတ်ပဲသုံးတင်းဝင် တစ်အိတ် ကျပ် ၁၁၇,၀၀၀ ပေါက်ဈေး ရှိသည်။ ပဲစင်းငုံမှာ ဈေးကွက်တွင် အဝင်နည်းသော်လည်း ဖေဖော်ဝါရီလကုန်အပ်စနစ်ဖြင့် ကြိုရောင်း ကြိုဝယ်များ ရှိနေသည်။ ပဲစင်းငုံ ၆၀ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိနေသည်။ ယင်းဈေးမှာ တောင်သူအတွက် ဈေးအကောင်းကြီးမဟုတ်သော်လည်း လှောင်လက်သမားများ ဝယ်ယူမှုရှိနေသည်။

နှမ်းနက် .....

ဒီဇင်ဘာတစ်လလုံး ကျဆင်းနေသည့် နှမ်းနက်ဈေးမှာ လကုန်ပိုင်းတွင် ဈေးနှုန်းကျဆင်းမှု ရပ်သွားပြီး အဝယ်သွက်နေသည်။ ဒီဇင်ဘာ (၂၃) ရက်တွင် နှမ်းနက် ထိပ်စ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၉၅,၀၀၀ ပေါက်ဈေးရှိပြီး အရည်အသွေးအလိုက် တစ်အိတ်ကျပ် ၁၀,၀၀၀ ခန့် အမျိုးအစားအလိုက် ဈေးကျဆင်းသွားခဲ့သည်။ နှမ်းဖြူသစ် ရိုးရိုးမှာ တစ်အိတ်ကျပ် ၁၄၀,၀၀၀၊ နှမ်းညို(သစ်) ကျပ် ၁၁၈,၀၀၀ ပေါက်ဈေးရှိပြီး ရောင်းလိုအားများနေသည်။ နှမ်းရောင်စုံဈေးနှုန်းများမှာ ယခင်သီတင်းပတ်ထက် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ခန့် ဈေးကျဆင်းသွားသည်။

ပြောင်း .....

ဒေါ်လာဈေးနှုန်းများ တည်ငြိမ်နေပြီး ငွေလဲနှုန်း မြင့်တက်ခြင်းမရှိသဖြင့် ပို့ကုန်ပြောင်းဈေးကွက်မှာ အပြောင်းအလဲမရှိ တည်ငြိမ်နေသည်။ ရန်ကုန်အဝယ်ဈေး ပြောင်းတစ်ပိဿာ ကျပ် ၇၂၀ ခန့် အမြင့်ဆုံးဖြစ်သည်။ ထိုကြောင့်ပြောင်းပေါက်ဈေးမှာ နယ်မြေဒေသအလိုက် သယ်ယူစရိတ်လျှော့ပါက တောင်ကြီးတွင် တစ်ပိဿာ ကျပ် ၆၂၅ ၊ လွိုင်ကော်တွင် တစ်ပိဿာ ကျပ် ၆၁၀ ၊ လားရှိုးတွင် တစ်ပိဿာ ကျပ် ၆၃၀-၆၆၀၊ မန္တလေးတွင် ပြောင်း ၅၄ ပိဿာတစ်အိတ်လျှင် ကျပ် ၃၄,၀၀၀-၃၄,၅၀၀ ပေါက် ဈေးရှိသည်။

  ⏭ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း (The Farmer Media)