menu

ပြည်ပအဝယ်လိုက်နေ၍ ပြောင်းဈေးများမြင့်တက်နေ


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

➡️အိမ်နီးချင်း နိုင်ငံများမှလိုအပ်ချက်များ၍ ပြောင်း အဝယ်လိုက်နေသောကြောင့် ပြောင်းဈေးနှုန်းများဆက် တိုက် မြင့်တက်နေကြောင်း ပြောင်းကုန်သည်များထံမှသိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ပြောင်း အထွက်နှုန်းနည်းနေပြီး ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံဘက်မှလည်း ဝယ်ယူနေမူများ ရှိလာသောကြောင့် ပြောင်းဈေးများ ဆက်တိုက်မြင့်တက်နေရခြင်းဖြစ်ကြောင်းသိရသည်။

➡️“အဓိက က အိမ်နီးချင်းနိုင်ငံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ရတယ်။ အဓိက ထိုင်းနိုင်ငံမှာ ဒီနှစ် သူတို့ ကိုယ်တိုင် အထွက်လျော့တယ်။ အစိုက်ကောလျော့တယ်။ တရုတ်ကလဲ မဝယ်ဘူးဆိုပြီး မထင်မှတ်ပဲ သူတို့ရဲ့ လိုအပ်ချက်အရ ဝယ်လာတာရှိတယ် ။ နောက်ပြီး ပြည်တွင်းမှာ ပြောင်းအထွက်နှုန်း ယခင်က ထက်နည်းတယ်။ ဒါကြောင့် ပြည်ပလဲတက်တယ်။ ပြည်တွင်းလည်းတက်တယ်” ဟု မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း ဥက္ကဋ္ဌဦးမင်းခိုင်ကပြောသည်။

➡️ရန်ကုန်ဈေးကွက်အတွင်း ပြောင်းတစ်ပိဿာလျင် ယခင်က ၅၂၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် ၆၆၀ မှ ၆၈၀ကျပ် အထိ တဖြည်းဖြည်းမြင့်တက်လာကြောင်းသိရသည်။ လက်ရှိ မြဝတီနယ်စပ်မှ တဆင့် ထိုင်း နိုင်ငံသို့ တစ်ရက်လျှင်ပြောင်းတန်ချိန် နှစ်ထောင် မှ သုံးထောင်ကြား တင်ပို့လျက်ရှိကြောင်း သိရပြီး နယ်စပ်ဈေးအနေဖြင့် တစ်ပိသာ လျှင် ၇၁၂ကျပ် အထိ အမြင့်ဈေးတွင်ရှိကြောင်း သိရသည်။ လက်ရှိ ထိုင်းသို့တင်ပို့နေသည့် ပြောင်းနှင့်ပတ်သက်၍ ပေးဆောင်ရသည့် ကြိုတင်ဝင်ငွေခွန် ၂ရာခိုင်နှုန်းကို ယခင်က ကိုဗစ်ကာလ ဖြစ်သဖြင့် လျော့ချပေးထားရမှာ မေလ ၁ရက်နေ့မှ စ၍ ယခင်နှုန်းထားအတိုင်း ပြန်လည်တိုးမြှင့်ကောက်နေလျက်ရှိကြောင်းသိရသည်။

➡️၎င်းအပြင် ပြည်တွင်းပြောင်းအား လက်ရှိတွင် တရုတ်နိုင်ငံသို့တရားမဝင်သာတင်ပို့နေကြရပြီး လာမည်နှစ်တွင် တရုတ်နိုင်ငံ သို့ G To G စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန်အတွက် ဆွေးနွေးနေကြောင်း လည်း သိရသည်။ “ပြည်ပမှာ လိုအပ်ချက်မြင့်သွားလို့ ဝယ်လိုအားတက်ပြီး ဈေးတက်နေတယ်။ နယ်စပ်ကိုရောင်းတဲ့အခါမှ နယ်စပ်ပေါက်ဈေးက ထိုင်းဘတ်ဈေးက မနှစ်ကထက် မြင့်သွားတယ်။ နောက်ပြီး နိုင်ငံခြားငွေလဲနှုန်းကလဲမြင့်သွားတယ်။ ဒါကြောင့် ငွေလဲနှုန်း အပြောင်းအလဲကလဲ ဈေးအတက်အကျကို ပြောင်းလဲသွားတာပေါ့” ဟု ပြောင်းကုန်သည် ကိုမင်းသူကပြောသည်။

➡️သို့သော် ကုန်သည်များအနေဖြင့် ဆီဈေးများမြင့်တက်နေခြင်း၊ ပြည်ပသို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင် ရေးစရိတ်များပါ လိုက်လံမြင့်တက်နေခြင်း ၊ တချို့ကုန်သည်များ နှင့် တောင်သူများတွင် ပြည်တွင်း၌ ငွေသွင်း ၊ ငွေလွှဲအခက်အခဲဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် ပြည်တွင်း၊ ပြည်ပ ပြောင်း ဝယ်ရောင်း ပြုလုပ်ရာတွင် အခက်ခဲများရှိနေသေးကြောင်းလည်းသိရသည်။ နောက်ပိုင်း ပြည်တွင်း၌ ပြောင်းအထွက်နှုန်းနည်းပြီး ပြောင်းရှားတော့မည်ဖြစ်၍ဈေးနှုန်းမှာ ပြန်လည်ကျဆင်းနိုင်မည်မဟုတ်ပဲ မိုးပြောင်း ပေါ်မှသာ ပြန်လည်ကျဆင်းနိုင်မည်ဖြစ်ကြောင်း ပြောင်းကုန်သည်များကသုံးသပ်ကြသည်။ ပြည်တွင်းပြောင်းအား ထိုင်း၊ အိန္ဒိယ ၊ စင်ကာပူ၊ မလေးရှား ၊ လာအို၊ ဖလစ်ပိုင် ၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံများကိုလည်း တင်ပို့ရောင်းချလျက်ရှိသော်လည်း လက်ရှိတွင်မူ ထိုင်းနိုင်ငံတစ်ခုကိုသာ အဓိကတင်ပို့နေရကြောင်းသိရသည်။

➡️တစ်နှစ်လျှင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် ၂.၃ သန်း နှင့် ၂.၆ သန်း ကြားတွင် ထွက်ရှိလျက်ရှိပြီး ပြည်တွင်းစားသုံးမူ ၁.၃ သန်း သာရှိကာ ကျန်ပမာဏကို ပြည်ပသို့တင်ပို့နေရကြောင်းလည်း သိရသည်။ ယခုနှစ်ပြောင်းတင်ပို့ခြင်းကို တန်ချိန် ၁.၅ သန်း အထိ လျားထားပြီး စီးပွာရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ ယခုနှစ်တွင် ၁.၅ သန်း ကျော်အထိ တင်ပို့ထားပြီး ဖြစ်ကြောင်းသိရသည်။

Source : AMIA