menu

ပြည်ပသို့ ဆန်တင်ပို့ရန် ကြိုးပမ်းချက်နဲ့ မျှော်မှန်းချက်

💎မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုမှာ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ ပမာဏအများဆုံးဖြစ်တာ တွေ့ရပါတယ်။ ၂၀၁၇-၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ၅၈ မီလျံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကစပြီး မြန်မာဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ လယ်သမားများ၊ စက်ပိုင်၊ ကုန်သည်၊ ပွဲစားများ၊ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေ လွတ်လပ်စွာရောင်းဝယ်ဖောက်ကား တင်ပို့လာနိုင်ခဲ့ပါတယ်။  

💎၂၀၀၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခဲ့ရခြင်းရဲ့ အဓိကရည်ရွယ်ချက်များကတော့ ... (၁) တောင်သူလယ်သမားကြီးများမိမိစိတ်ကြိုက်စပါးများ ပိုမိုထွက်ရှိအောင်ထုတ်လုပ်နိုင်ရေး၊ (၂) ပြည်တွင်းဆန်စပါးရောင်းဝယ်ရေးမှာ သင့်တင့်မျှတတဲ့ဈေးနှုန်းရရှိရေး၊ (၃) ပြည်တွင်းစားသုံးမှုမှ ပိုလျှံသောဆန်များကို ပြည်ပသို့ လွတ်လပ်စွာပိုမိုတင်ပို့ရောင်းချနိုင်ရေးတို့ပဲ ဖြစ်ပါတယ်။  

💎၂စပါးမူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ တစ်စတစ်စ တိုးမြင့်လာခဲ့ပါတယ်။ နှစ်စဉ် ဆန်တန်ချိန်နှစ်သန်းကျော်နဲ့ ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့တာဟာ ယနေ့ထိပါပဲ။ ၂၀၁၈ ခုနှစ်၊ ဆန်ပြည်ပတင်ပို့မှုကိုကြည့်ရင် ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၃ ဒသမ ၅ရာခိုင်နှုန်း ပါဝင်မှုရှိနေပြီး တန်ချိန် ၁ ဒသမ၇၅ သန်းကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာသန်း ၉၀၀ ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။ဆန်နဲ့ ဆန်ကွဲတင်ပို့တဲ့ နိုင်ငံဟာလည်း မူလနိုင်ငံပေါင်း ၃၀ ကျော် တင်ပို့နေရာကနေယနေ့အထိ နိုင်ငံပေါင်း ၆၀ အထိ တိုးချဲ့တင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။

💎၂၀၂၀-၂၀၂၁ ခုနှစ်မှာ စပါးတန်ချိန် မက်ထရစ်တန်လေးသန်း တင်ပို့နိုင်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရရှိအောင် မျှော်မှန်းထားရှိပါတယ်။သို့သော်လည်း မြန်မာနိုင်ငံရဲ့ ယခုလက်ရှိအခြေအနေမှာ ဆန်ပြည်ပတင်ပို့မှုလက်နှေးနေသလို ဖြစ်နေပြီး ပြည်တွင်းဆန်စပါးဈေးကွက်ကလည်း ကမောက်ကမ မတည်မငြိမ် ဖြစ်ပေါ်နေတာကို ခံစားနေကြရပါတယ်။ မြန်မာ့ဆန်စပါးဈေးကွက်ဟာ ပြည်ပဆန်ဈေးကွက်က အနုတ်အသိမ် းသွက်မှသာ ဆန်စပါးဈေး တက်လာပြီး ဈေးဟာ ဣန္ဒြေရနေတာ ဖြစ်ပါတယ်။ ပြည်ပကိုဆန်နဲ့ဆန်ကွဲ အထွက်နည်းပြီဆိုရင်တော့ ပြည်တွင်းဆန်စပါးဈေးဟာ အောက်ကိုထိုးဆင်းသွားတာ တွေ့ရပါတယ်။  

💎ဆန်စပါးအရောင်းအဝယ်ဈေးကွက်နဲ့ နှီးနွှယ်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်များအားလုံးလည်း မျက်လုံးအပြူးသားနဲ့သာ ထိုင်စောင့်နေကြရတဲ့အဖြစ်နဲ့ ကြုံကြရပါတယ်။ မြန်မာ့ဆန်ကို နှစ်စဉ် အဓိကဝယ်ယူနေတဲ့ နိုင်ငံတွေကတော့ အီးယူနိုင်ငံတွေ၊အာဖရိကနိုင်ငံတွေ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊နယ်သာလန်၊ ယူကေနဲ့ တရုတ်နိုင်ငံတွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကို နှစ်စဉ်တင်ပို့ဖို့ ကိုတာခွဲတမ်းရရှိဖို့မှာ အလွန်ခက်ခဲပါတယ်။ တစ်ခါတလေမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပရိယာယ်မဟာဗျူဟာကပဲ အကွက်ဆင်နေသလားလို့ ယူဆရပါတယ်။ တရုတ်နိုင်ငံဘက်က ဆန်ကိုတာခွဲတမ်းရရှိဖို့ မြန်မာဘက်က လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာနိုင်တာရယ်၊နှစ်စဉ်ဆန်ခွဲတမ်း ကိုတာအချိန်မီ မတောင်းခံနိုင်တဲ့ အားနည်းချက်ကလည်း ရှိနေတာ အမှန်ပါပဲ။  

💎ဆန်ရဲ့အရည်အသွေးတွေကို သတ်မှတ်ချက်အတိုင်း စံချိန်စံညွှန်းပြည့်မီအောင် လုပ်ပေးနိုင်မှုအားနည်းတာတွေ၊ ဆန်စက်တွေရဲ့ အရည်အသွေးပြည့်မီအောင်မဆောင်ရွက်ပေးနိုင်တာတွေ၊ လိုအပ်ပြည့်စုံလုံလောက်တဲ့ ထောက်ခံချက်တွေနဲ့တကွ တရုတ်နိုင်ငံကို ဆန်ကိုတာခွင့်ပြုချက် တောင်းခံမှုစာရင်း အချိန်မီမပို့နိုင်တာတွေဟာ တရုတ်နိုင်ငံနဲ့ စကားပြောရတဲ့အခါမှာမျက်နှာငယ်စရာ ဖြစ်လာပါတယ်။ ယခု ကမ္ဘောဒီးယားနိုင်ငံကို တရုတ်က ဆန်တန်ချိန်နှစ်သိန်း ကိုတာခွဲတမ်းပေးခံရချိန်မှာ မြန်မာနိုင်ငံအတွက် အိပ်မက်တောင် မမက်ရသေးဘူး။ စာရင်းတွေ ပို့ရဦးမယ်၊ ဆွေးနွေးရဦးမယ်ဆိုပြီး အမြဲနောက်ကျနေတဲ့သဘော ဖြစ်နေပါတယ်။ အာဖရိကနိုင်ငံတွေကလည်း ဒီနှစ် မြန်မာ့ဆန်ဝယ်ယူမှုကို လက်နှေးနေတာ တွေ့ရပါတယ်။ဟုတ်တိပတ်တိ မဝယ်သေးပါဘူး။  

💎နှစ်တိုင်းဆိုရင် အာဖရိကနိုင်ငံတွေက မြန်မာ့ဆန်ကို တော်တော်များများဝယ်ယူပါတယ်။ အိုင်ဗရီကို့စ်ကဖြစ်ခဲ့တဲ့ ပြဿနာရဲ့ လှိုင်းဂယက်ရိုက်ခတ်မှု အကင်းမသေသေးတဲ့သဘောလား။ တခြားပြဿနာလား တွေးဆရခက်နေပြန်ပါတယ်။ အီးယူနိုင်ငံတွေက ဆန်လုံးအချွန် အခွန်ကောက်ခံမှုကင်းလွတ်ခွင့် ရုပ်သိမ်းခံလိုက်ရတာဟာလည်း မြန်မာ့ဧည့်မထဆန်တွေအကျုံးမဝင်ဘူးလို့ ဆိုသော်ငြားလည်း ယနေ့ထိ ပြတ်ပြတ်သားသား အရှိန်မသေသေးတာကို တွေ့ရပါတယ်။ ဒီအတွက်လည်း အီးယူနိုင်ငံတွေက ဒီနှစ် မြန်မာ့ဆန်နဲ့ ဆန်ကွဲဝယ်ယူမှုကို တံခါးဖွင့်မပေးသေးတာကို တွေ့ရပါတယ်။ တခြား မြန်မာ့ဆန်ကို နှစ်စဉ်ဝယ်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေကလည်း ဘာအကြောင်းမှရှာမရဘဲ လက်တွန့်နေကြတာကို တွေ့ရပါတယ်။

💎မည်သို့ပင်ဆိုစေကာမူ မြန်မာ့လယ်ယာထွက်ကုန် ပြည်ပပို့ကုန်ထဲမှာ အဓိကသော့ချက်ဖြစ်တဲ့ မြန်မာ့ဆန် ပြည်ပတိုးမြှင့်တင်ပို့နိုင်ရေးကို အစွမ်းကုန်ကြိုးပမ်းကြရမှာ မလွဲမသွေပါပဲ။ ကနဦးဆောင်ရွက်ရမယ့်အချက်ကတော့ မြန်မာ့ဆန်ရဲ့ အရည်အသွေးကို တခြားနိုင်ငံတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်အောင် ဆန်စံချိန်စံညွှန်းကို အဆင့်မြှင့်တင်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြန်မာ့ဆန်စက်တွေ၊ သိုလှောင်ရုံတွေကို အရည်အသွေးကောင်းဆန်ရရှိအောင် ကြိတ်ခွဲ၊ သိုလှောင်နိုင်တဲ့ စံချိန်စံညွှန်းပြည့်မီတဲ့ ဆန်စက်ကြီးတွေ၊ သိုလှောင်ရုံကြီးတွေဖြစ်အောင် အာရုံစူးစိုက်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ တတိယအချက်ကတော့ မြန်မာ့ဆန်ကို ဓာတုဓာတ်ကျွင်းကင်းစင်အောင်၊ အဆိပ်သင့်ဒြပ်စင်တွေ ကင်းစင်အောင် စစ်မှန်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းလမ်း (GAP) နဲ့ စိုက်ပျိုးကြဖို့ ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ဆန် Exporter ကြီးများ တခြားနိုင်ငံများနဲ့မယှဉ်နိုင်ဘဲ နောက်ကောက်ကျရတဲ့အချက်ကတော့ မြန်မာ့ဆန်ဟာ ဈေးနှုန်းကြီးမြင့်နေတာပဲ ဖြစ်ပါတယ်။  

💎ဒီလို မြန်မာ့ဆန် ပြည်တွင်းဈေးနှုန်း ကြီးမြင့်ရခြင်းကတော့ (၁) တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ (၂) ဆိပ်ကမ်းသင်္ဘောတင်စရိတ်များ တခြားအိမ်နီးနားချင်းနိုင်ငံများထက် ကြီးမြင့်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။ တောင်သူလယ်သမားကြီးများကထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားနေရင် သူတို့စပါးကို ဈေးအနိမ့်နဲ့ အရှုံးခံမရောင်းနိုင်ပါ။ Export လုပ်ကြမယ့် Exporter ကြီးများကလည်း ပြည်ပတင်ပို့ရင် ရမယ့်ဈေးထက် အရှုံးခံပြီး ဈေးကြီးပေးမဝယ်နိုင်ကြပါ။ ဒီမှာတင်ပဲ မြန်မာ့ဆန်စပါးဈေးဟာပြည်ပမပြောနဲ့ ပြည်တွင်းမှာတင် သပွတ်အူ လိုက်နေသလို ဖြစ်နေပါတယ်။  

💎တောင်သူလယ်သမားကြီးများရဲ့ စပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်မယ့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနက နေရာဒေသအနှံ့မှာ ပညာပေးဟောပြောတာ၊ နမူနာစမ်းသပ်ကွက်၊ စံပြကွက်စိုက်ပျိုးပြသတာတွေကို ကွင်းထဲအရောက် ထိထိမိမိ ဆောင်ရွက်သင့်ပါတယ်။ နောက်တစ်ချက်ကတော့ ဆိပ်ကမ်းသင်္ဘောတင်စရိတ် ကြီးမြင့်မှုကို နိုင်ငံတော်က သက်ဆိုင်ရာဝန်ကြီးဌာနကို ညှိနှိုင်းလျှော့ချပေးနိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။မြန်မာနိုင်ငံမှာ ဒီနှစ်လို အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ဆန်အထွက်တုံ့ဆိုင်းနေတာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။  

💎ပထမဦးစွာတရုတ်နိုင်ငံကို စပါးအတိုင်း တင်ပို့နိုင်ရေးနဲ့ နှစ်စဉ် ဆန်တင်ပို့ခွင့်ကိုတာခွဲတမ်း တတိယအကြိမ် တန်ချိန်တစ်သိန်း ထပ်မံရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကိုယ်စားလှယ်တွေ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာလ ဒုတိယပတ်မှာ တရုတ်နိုင်ငံသို့ သွားရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါအဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံသို့လည်း သွားရောက်၍ ဈေးကွက်ညှိနှိုင်းမှာ ဖြစ်ပါတယ်။အဆိုပါအဖွဲ့ကဲ့သို့ ဈေးကွက်ရှာဖွေညှိနှိုင်းရေး အဖွဲ့တစ်ဖွဲ့ဟာ အာဖရိကနိုင်ငံများသို့လည်း ဆန်နမူနာ အိတ်ကလေးများနဲ့ သွားရောက်ညှိနှိုင်းမှာ ဖြစ်ပါတယ်။  

💎နောက် ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ကလည်း အီးယူနိုင်ငံများသို့လည်း ဆန်နမူနာအိတ်ကလေးများနဲ့ သွားရောက်ပြီး မြန်မာ့ဧည့်မထဆန်အချွန်ဟာ အီးယူကသတ်မှတ်တဲ့ဆန်လုံးရှည်အချွန် စံချိန်စံညွှန်းနဲ့ မပါဝင်ကြောင်းပြသ၍ ဈေးကွက်ညှိနှိုင်းထိုးဖောက်ကြမှာ ဖြစ်ပါတယ်။သို့ပါ၍ မြန်မာ့ဆန် ပြည်ပတိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုဟာ ကောင်းသောမျှော်လင့်ချက်ရောင်ခြည် ဖြစ်လာလိမ့်မယ်ဟု ယုံကြည်မိပါကြောင်‌း‌ရေးသား တင်ပြအပ်ပါသည်။  

- အောင်ဆန်း(စိုက်ပျိုးရေး)  
- မြန်မာ‌တောင်သူကြီးများဂျာနယ်