menu

ပြည်ပပို့ ပဲမျိုးစုံ အရောင်းအဝယ်တန့်ကာ ဈေးနှုန်းပါကျဆင်း


🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးအချက်အချာဖြစ်သည့် တရုတ်နိုင်ငံ ရွှေလီမြို့ကို ကိုဗစ်-၁၉ရောဂါကြောင့် လော့ဒေါင်းချထားသဖြင့် ပဲမျိုးစုံအရောင်းအဝယ်ရပ်တန့်ကာ ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းထံမှ သိရသည်။  

နှမ်း
----- 

ပြည်တွင်း၌ ထွက်ရှိသော စမုန်နှမ်းနက်များက အရည်အသွေးလိုအပ်ချက်ရှိသည့်အပြင် အဓိကရောင်းချနေ ရသည့် တရုတ်နိုင်ငံကလည်း ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကြောင့် နယ်စပ်ဂိတ်ဖြစ်သည့် ရွှေလီမြို့ကို ယာယီလော့ဒေါင်းလိုက်ခြင်းကြောင့် အရောင်းအဝယ်ရပ်သွားသည်။ ဈေးနှုန်းမှာလည်း စက်တင်ဘာ ၁၁ ရက်က စမုန်နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၈၀၀၀၀ ရှိခဲ့ရာက စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၁၈၀၀၀၀ အောက်ရောက်ရှိကာ ဝယ်ယူမှုမရှိသည့်အခြေအနေဖြစ်နေသည်။ အလားတူ နှမ်းဖြူမှာ ယခင်က တစ်အိတ်လျှင် ကျပ် ၁၁၆၀၀၀ ရှိရာက စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၁၀၅၀၀၀ သို့ ကျဆင်းလာနေသည်။ ကုန်သွယ်ရေးလမ်းကြောင်း ရေရှည်ပိတ်ထားလျှင် ယခုဈေးနှုန်းထက် ကျဆင်းနိုင်မည့်အခြေအနေတွင်ရှိကြောင်း ကုန်သည်များ က သုံးသပ်ကြသည်။ 

မြေပဲ 
------ 

မြေပဲမှာလည်း တရုတ်နယ်စပ်ကုန် သွယ်မှုရပ်တန့်သွားသည့် ဂယက်ကြောင့် ဝယ်ယူမှုမရှိသလောက်နည်းပါးသွားသဖြင့် ဈေးကျသွားသည်။ စက်တင်ဘာ ၁၁ ရက်တွင် မြေပဲလုံးဆန်တစ်ပိဿာလျှင် ကျပ် ၃၀၅၀ ရှိခဲ့ရာက စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၂၉၀၀ မှ ၃၀၀၀ ကြားအထိ ကျဆင်းသွားသည်။ ပြည်တွင်းဝယ်လိုအားမှာလည်း ကိုဗစ်-၁၉ ဂယက်ကြောင့် အေးနေခြင်းနှင့် ပြည်ပအဝယ် မရှိခြင်းတို့ကြောင့် ဈေးနှုန်း ဆက်လက်ကျမည့်အခြေအနေတွင်ရှိသည်။ 

စားတော်ပဲ 
------------ 

ပြည်တွင်းစားသုံးမှုများသော တရုတ်စားတော်ပဲမှာ ရွှေလီ၊ကြယ်ဂေါင် နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ပြည်တွင်းသို့ အဝင်မရှိဖြစ်နေခြင်းကြောင့် ဈေးတက်လာသည်။ စက်တင်ဘာ ၁၁ ရက်တွင် စားတော်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၆၂၅၀၀ ရှိရာက စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၆၃၀၀၀ ကျော်အထိ မြင့်တက်လာသည်။ယခုအခြေအနေအရ ဈေးနှုန်းဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။ 

ကုလားပဲ 
---------- 

ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများတွင် ကုလားပဲအစားထိုးအဖြစ် စားတော်ပဲကို အသုံးပြုနေရာက စားတော်ပဲတင်သွင်းမှု ရပ်တန့်သွားသဖြင့် ပဲခွဲစက်လုပ်ငန်းရှင်များက ကုလားပဲကို ပိုမိုဝယ် ယူလာကြသည်။ စက်တင်ဘာ ၁၁ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ရှိရာက စက်တင်ဘာ ၁၈ရက်တွင် ကျပ် ၇၆၀၀၀ သို့ မြင့်တက်လာသည်။ ကုလားပဲ(နိုင်းတူးနိုင်း) မှာလည်း ယခင်က တစ်အိတ်လျှင် ကျပ် ၇၆၅၀၀ မှ လက်ရှိတွင် ကျပ် ၇၇၀၀၀ မှ ၇၈၀၀၀ ကြား၊ ကုလားပဲ (ဗွီဆဲဗင်း) မှာလည်း ယခင် ကျပ် ၇၈၅၀၀ မှ ယခု ကျပ် ၈၀၀၀၀ သို့ မြင့်တက်လာကြောင်း သိရသည်။ 

ပဲတီစိမ်း 
--------- 

တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသော်လည်း ယခုနှစ် ပြည်တွင်း၌ စိုက်ပျိုးရာတွင် အရည်အသွေးလိုအပ်ချက်နှင့် အထွက်နှုန်းနည်းပါးခြင်းတို့ကြောင့် ဈေးကွက်အတွင်း ပစ္စည်းလုံလောက်စွာ မရှိပေ။ ထို့ကြောင့် တရုတ်သို့ တင်ပို့မှုရပ်တန့်နေသော်လည်း ဈေးကွက်အတွင်း ပစ္စည်းမပေါသဖြင့် ဈေးနှုန်းကျဆင်းခြင်းမရှိပေ။ စက်တင်ဘာ ၁၈ ရက်တွင် ပဲတီစိမ်းလုံးကြီး သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၁၀၅၀၀၀ မှ ၁၁၀၀၀၀ ကြားပေါက်ဈေးဖြင့် ငြိမ်နေသည်။ 

မျိုးသန့် 
မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ( ၂၁)ရက်