menu

ပြည်ပတင်ပို့ရန် ဝယ်ယူလာခြင်းကြောင့် ကုလားပဲ အရောင်းအဝယ်သွက်ပြီး ဈေးတက်လာ



🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

မန္တလေးပဲသီးနှံအရောင်းအဝယ်ဈေးကွက်အတွင်း ယခုသီတင်းပတ်တွင် ကုလားပဲနှင့် ပဲစင်းငုံဈေးနှုန်း မြင့်တက်နေသော်လည်း အခြားပဲမျိုးစုံဈေးနှုန်းမှာ အပြောင်းအလဲနည်းပြီး နှမ်းဈေးနှုန်းကျနေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။  

ကုလားပဲ
------------

ပြည်ပတင်ပို့ရန် ရန်ကုန်ဝယ်လက်များက လာရောက်ဝယ်ယူနေခြင်းကြောင့် သိသိသာသာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိသည်။ သြဂုတ် ၂၈ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၆၇၀၀၀ မှ ကျပ် ၆၈၀၀၀ ကြား ပေါက်ဈေးရှိရာမှ စက်တင်ဘာ ၄ ရက်တွင်ကျပ် ၇၂၀၀၀ မှ ကျပ် ၇၃၀၀၀ ကြားသို့ မြင့်တက်လာသည်။ ”အိန္ဒိယတင်ပို့ဖို့တော့မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ဖို့အတွက် ဝယ်တာဖြစ်ဖို့များတယ်။ ဒီရက်ပိုင်းမှာ ရန်ကုန်ဝယ်လက်တွေက ဆက်တိုက်ဝယ်ယူနေတဲ့အတွက် ဈေးတက်တာပါ။ ဆက်တက်၊ မတက်ကတော့ သူတို့ဝယ်ယူမှုအပေါ် မူတည်ပါတယ်”ဟု မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေကပြောသည်။ 

ပဲစင်းငုံ 
----------

ပဲစင်းငုံမှာလည်း ကုလားပဲနည်းတူ ရန်ကုန်ဝယ်လက်များက မန္တလေးသို့ လာရောက်ဝယ်ယူနေခြင်းကြောင့် အရောင်းအဝယ် သွက်နေပြီး ဈေးနှုန်းလည်းကောင်းလျက်ရှိသည်။ စက်တင်ဘာ ၄ရက်တွင် ပဲစင်းငုံထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၇၀၀၀မှ ကျပ် ၇၇၅၀၀ ကြား ပေါက်ဈေးရှိကြောင်း သိရသည်။ 

မတ်ပဲ 
---------

ပြည်ပတင်ပို့သူများက ဝယ်ယူမှုမရှိသော်လည်း ပြည်တွင်းဝယ်ယူမှု ပုံမှန်ရှိနေသဖြင့် ဈေးနှုန်းအတက်၊ အကျ ပြောင်းလဲမှုမရှိဘဲ တန့်နေသည်။ အိန္ဒိယနိုင်ငံသို့တင်ပို့ရန် လတ်တလောမရှိသေးသဖြင့် ဈေးနှုန်းမြင့်တက်နိုင်ခြေမှာ လွန်စွာနည်းပါးနေသည်။ မတ်ပဲ ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ရှိသည်။ 

နှမ်း 
-------

ရိတ်သိမ်းချိန်တွင် မိုးမိခဲ့ခြင်းကြောင့် အရည်အသွေးကျဆင်းနေသဖြင့် ပြည်ပတင်ပို့ရာတွင် ဈေးကောင်းမရသည့်အပြင် အသစ်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးကွက်သို့အဝင်များကာ ဈေးနှုန်းကျဆင်းနေသည်။ စမုန်နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ယခင်က ကျပ် ၁၉၀၀၀၀ ရှိရာမှ လက်ရှိတွင် ကျပ် ၁၈၀၀၀၀ သို့ ကျဆင်းလာသည်။ အခြားနှမ်းရောင်စုံမှာလည်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။  

ပဲတီစိမ်း 
------------

တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းအတက်၊ အကျမရှိဘဲ ငြိမ်နေသည်။ စက်တင်ဘာ ၄ ရက်တွင် ပဲတီစိမ်းရွှေဝါသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀ မှ ကျပ် ၁၂၀၀၀၀ ကြား၊ ပဲတီစိမ်းကြီးမှာ တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ ရှိသည်။ 

မျိုးသန့် 
မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ(၇-၁၃)ရက်။