menu

ပြည်တွင်း ကြက်သွန်နီဈေးကွက် အခြေအနေ


🧅🧅🧅🧅🧅🧅🧅🧅🧅🧅

✔️ ကြက်သွန်အသစ်များ ပေါ်ချိန်ဖြစ်သည့်အတွက် မြင့်တက်ခဲ့သည့်ကြက်သွန်စျေး ပြန်လည်ကျဆင်း လာကြောင်း ကုန်သည်များနှင့် စားသုံးသူများထံမှ သိရသည်။ ကြက်သွန်စျေး ကျဆင်းခြင်းမှာ ကြက်သွန်အသစ်များစျေးကွက်သို့ ဆက်တိုက်ဝင်ရောက်လာခြင်းကြောင့်ဖြစ်ပြီး လက်ရှိ မြစ်သား၊ ဆိပ်ဖြူ နှင့် ပခုက္ကူဘက်မှ ကြက်သွန်နီများ ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

✔️ “ဒီနှစ်က ကြက်သွန်စိုက်ဧကလျော့ကျခဲ့တယ်၊ ရာသီဥတုကြောင့်ရယ်၊ စိုက်တဲ့သူနည်းသွားတာရယ်၊ အဲ့တာကြောင့်ကုန်ရှားပြီး အရင်လတွေမှာ ကြက်သွန်နီဈေးတွေ တော်တော်မြင့်တက်ခဲ့တယ်။ အခုက စျေးကွက်ကို မိုးကြက်သွန်အသစ်တွေ ဆက်တိုက်ဝင်လာတယ်။ တရုတ်ဘက်ကလဲ အဝင်တွေရှိတယ်။ ဒါကြောင့် အမြင့်စျေးကနေ အခုပြန်ကျသွားတာ” ဟု ကြက်သွန်ကုန်သည် ကိုမြင့်အောင် က ပြောသည်။ 

✔️ ကုန်စည်ဈေးကွက်မှာ ကြက်သွန်နီဈေးဆက်တိုက်ကျဆင်းနေသော်လည်း လက်လီဈေးကွက်မှာတော့ ဈေးကျဆင်းခြင်းမရှိကြောင်း စားသုံးသူများက ဆိုသည်။ လက်ရှိ ရန်ကုန်စျေးကွက်တွင် မိုးကြက်သွန် အသစ် မြစ်သား၊ ဆိပ်ဖြူ တစ်ပိဿာလျှင် အသေး ၂,၅၀၀ မှ ၄,၀၀၀ အထက် စျေးရှိပြီး ကြက်သွန် အဟောင်းစျေး မှာ ၅,၀၀၀ အထက်တွင်ရှိကြောင်း စျေးကွက်မှသိရသည်။ 

✔️ “အခု အသစ်တွေဝင်လာတဲ့ ကြက်သွန်အသေးလေးတွေက တစ်ပိဿာ ၂,၀၀၀ စျေးနဲ့ဝယ်ရတယ်။ မြစ်သား က တစ်ပိဿာ ၄,၅၀၀၊ ကြက်သွန်လက်ဟောင်းတွေက ဒီတိုင်းပဲ ၅,၀၀၀ အောက်ကို စျေးကျမသွားဘူး၊ ပုံမှန်စျေးအတိုင်း ၅,၀၀၀ အထက်မှာ ဝယ်နေရတယ်” ဟု သင်္ဃန်ကျွန်းမြို့နယ်တွင် နေထိုင်သူ မကြည် က ပြောသည်။ လက်ရှိစျေးမှာ တစ်ပိဿာ ၁,၅၀၀ ခန့် ရှိပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်ကာ စျေးနှုန်းများပြောင်းလဲနိုင်ကြောင်းလည်း သိရသည်။ 

✔️ “တောင်သာမှာက ကြက်သွန်နီတောစျေး အရင်က ယာခင်းထဲကအသီးကို ၂,၅၀၀ ပေးဝယ်ရတာကနေ အခု ၁,၅၀၀ ပဲ ရှိတော့တယ်။ စျေးကကျသွားတယ်” ဟု မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် မှ ကြက်သွန်စိုက်တောင်သူ ကိုအောင်စိုးမြင့် က ပြောသည်။ ကြက်သွန်စျေးကွက်မှာ သုံးနှစ်ကျော် ဆက်တိုက်အရှုံးပေါ်ခဲ့သောကြောင့် ကြက်သွန်စိုက်တောင်သူများ အနေဖြင့်လျော့ချ စိုက်ပျိုးခဲ့ခြင်း အပြင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် မြစ်သား နှင့် ကျောက်ဆည်မှ ကြက်သွန်ခင်းများ ပျက်စီးခဲ့ သည့်အတွက် အထွက်နှုန်းများလည်းလျော့ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

✔️ “ရာသီဥတုဖျက်တယ်ဆိုတော့ ဒီနှစ်အထွက်နှုန်းက လျော့ခဲ့တယ်၊ စိုက်တဲ့အနေအထားလဲ အထွက်နှုန်း လျော့တယ်။ နောက်ပြီးမြေဆီလွှာ၊ ဒီဇယ်စျေးကြီးလို့ အရင်းနှီးမတတ်နိုင်လို့ မစိုက်နိုင်ကြဘူး” ဟု မြင်းခြံမြို့ မှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။ လက်ရှိမှာ ကြက်သွန်နီဈေးပြန်ကျဆင်းနေ သော်လည်း ယခုကဲ့သို့ ပြည်ပဝယ်အားဆက်ပြီးကောင်းနေပါက ကြက်သွန်စျေးကွက်မှာ အားကောင်းလာနိုင်မည်ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ (AMIA)