menu

ပြည်တွင်း နှမ်းဈေးကွက် အခြေအနေ .....


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

⏸ပြည်ပဝယ်လိုအား မရှိသလောက်ဖြစ်နေသည့်အတွက် ပြည်တွင်းနှမ်းဈေးများကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ ပြည်တွင်း၌လည်း အရည်အသွေးမမှီသည့် နှမ်းများသာကျန်ရှိတော့ သဖြင့်ပြည်တွင်းမှ အဓိကတင်ပို့နေသည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများမှာ လက်ရှိဝယ်ယူမူ မရှိတော့ကြောင်းသိရသည်။ 

⏸အဆိုပါနိုင်ငံများသို့ အိန္ဒိယနှမ်းများ အဝင်များလာသည့်အတွက် ဝယ်ယူမှုလျော့ကျလာခြင်း ဖြစ်ကြောင်းလည်းသိရသည်။ “နှမ်းစျေးကွက်အေးပြီး ကျနေပါတယ်။ ဂျပန် နဲ့ တရုတ်ကလဲ ဝယ်ယူမှုမရှိတော့ဘူး၊ မြန်မာပြည်မှာ နှမ်းက တစ်ရာသီပြီးတစ်ရာသီပေါ်နေတော့ မိုးနှမ်းပြီး ဆောင်းနှမ်း၊ဆောင်းနှမ်းပြီး နွေနှမ်းဆိုတော့ အရည်းသွေးကောင်းတဲ့ နှမ်းတွေပဲ စောင့်ဝယ်ချင်တယ်။ ဒါကြောင့် အရည်သွေး သိပ်မကောင်းတဲ့ နှမ်းတွေကျ သိပ်မဝယ်ချင်ကြတော့စျေးကျသွားတယ်။ ဝယ်ယူနေကျနိုင်ငံတွေကို အိန္ဒိယက နှမ်းနီတွေပတ်ဝင်နေတယ်။ အဲ့ဘက်ကနှမ်းက စျေးချိုတယ်” ဟု အောင်လံကုန်စည်ဒိုင် မှ ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မိုး က ပြောသည်။ 

⏸ထို့ကြောင့် ပြည်တွင်းစျေးကွက်၌ အရည်သွေးမကောင်းသည့် နှမ်းညံ့များသာ အများအပြား ကျန်နေသေးကြောင်း စျေးကွက်မှ သိရသည်။ ယခင်က နှမ်းနက် ၄၅ပိဿာဝင် တစ်အိတ်လျှင် သုံးသိန်း အထက်ထိရှိခဲ့ပြီး လက်ရှိတွင် နှမ်းနက် ၄၅ပိဿာဝင်တစ်အိတ်လျှင် နှစ်သိန်းလေးသောင်းခန့် ထိ သိသိသာသာ နှစ်ဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။ ထိုကဲ့သို့ကျဆင်းနေခြင်း ကြောင့် နှမ်းလှောင်ထားသည့် ကုန်သည်များ ဆုံးရှုံးနိုင်ကြောင်း လုပ်ငန်းရှင်တစ်ချို့က သုံးသပ်ကြသည်။ 

⏸ပြည်တွင်းစျေးကွက်တွင် နှမ်းဝယ်သူများအနေဖြင့် နှမ်းအတွင်းအက်စစ်ဓာတ်ပါဝင်မှုကို တိုင်းတာပြီးမှ ဝယ်ယူခြင်းများရှိကြောင်းလည်း သိရသည်။ “အက်စစ်ကို အဆင့်တစ်လောက်မှ အရောင်းဝယ်ရှိတယ်။ အက်စစ် စစ်လို့ အဆင့် လေးလောက်ဆို နှမ်းသိန်းလောက်ပဲရှိတယ်။ စျေးကွက်မှာ အရင်တုန်းကတော့ အဲ့နှမ်းတွေက နှစ်သိန်းရှစ်သောင်းလောက်ရှိတယ်။ အခုစျေးကျတော့ အရောင်းဝယ်အေးတယ်” ဟု နှမ်းကုန်သည်တစ်ဦးကပြောသည်။ 

⏸ရှေ့လျှောက် နှမ်းစျေးကွက်မှာ အလားအလာမကောင်းကြောင်း နှမ်းကုန်သည်များ နှင့် လုပ်ငန်ရှင်းများ ကသုံးသပ်ကြသည်။ ထို့အပြင် နယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက် ပြည်ပသို့ ပင်လယ်ရေကြောင်းမှ တင်ပို့နေရသောကြောင့် ကုန်ကျစရိတ်ပိုမိုများနေကြောင်း ကုန်သည်များက ဆိုသည်။ မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး တရုတ်နိုင်ငံ တခုတည်းသာအားထား တင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့ တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်း လည်းသိရသည်။

⏸မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိ ပြီး မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်မှ ထွက်ရှိသည့်နှမ်းနက်သည် အရည်အသွေး အလွန် ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှ အလွန်နှစ်သက်ကြောင်းလည်း လေ့လာတွေ့ရှိရသည်။

⏸သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ(AMIA)