menu

ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် အခြေအနေ .....


🌿🍃🍂🍃🌿🍂🌿🍃🍂🍃🌿

➡️ပဲအသစ်များ စတင်ဝင်ရောက်လာပြီဖြစ်သော်လည်း ပဲစင်းငုံ၊ မတ်ပဲ၊ပဲတီစိမ်းများမှာ ဈေးကွက်သို့ အဝင်နည်းနေသေးပြီး ဈေးကောင်းမရရှိသေးသော်လည်း ဝယ်လိုအားမှာမူ ကောင်းမွန်လျက်ရှိနေသည် ဟု ပဲ၊ နှမ်းကုန်သည်များထံကသိရသည်။

➡️လက်ရှိစတင်ဝင်ရောက်နေသည့် ပဲစင်းငုံမှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀ စျေးရှိနေပြီး၊ မတ်ပဲမှာလည်း တစ်တင်း ကျပ် ၄၀,၀၀၀ အထက်ဈေးရှိနေသည်။ ပဲတီစိမ်း(အညာ)မှာ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၂၀,၀၀၀ ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း ခရမ်းပဲတီစိမ်းများ ဝင်ရောက်လာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

➡️"နှမ်းနက်စျေးတွေ အတက်အကျမရှိ စျေးငြိမ်နေတယ်။ထိပ်စ အရည်အသွေးတွေ အဝင်နည်းသွားလို့ အဝယ်နည်းသွားတယ်။ နှမ်းရောင်စုံ အလတ်စနဲ့အောက်စတွေ အရောင်းအဝယ်သွက်နေပါတယ်။ နှမ်းအရည်အသွေးအလိုက် ကျပ် ၁၂၀,၀၀၀- ၁၇၀,၀၀၀ ကြားရှိတဲ့ နှမ်းတွေ အရောင်းအဝယ်သွက် နေတာပါ။ အသစ်ဝင် မတ်ပဲတွေကတော့ စျေး တက်လာတယ်။ သုံးတင်းတစ်အိတ်ကိုကျပ် ၁၂၁,၀၀၀ ပေါက်စျေး ရှိလာတယ်။ ပဲစင်းငုံကလည်း တစ်အိတ် ကျပ် ၁၀၅,၀၀၀ လောက် ပေါက်ဈေးရှိပေမယ့် အဝယ်ပဲရှိတာ ပစ္စည်း အရောင်းက မရှိသေးဘူး။ ကုလားပဲအုပ်စုက စျေးတက်လာတာ V2 ကုလားပဲက တစ်အိတ် ကျပ် ၁၄၀,၀၀၀ ကျော်သွားတယ်။

➡️ပဲအသစ်တွေပေါ်လာရင်လည်း စျေးကွက်ဝယ်လို အားကောင်းနေလို့ သိသိသာသာ စျေးကျဆင်းစရာ မရှိဘူး။ မြေပဲစျေးတွေကတော့ စျေးမတက်ပေမယ့် ပို့ကုန်သမားတွေအဝယ်ရှိတော့ အရောင်းသွက် နေပါတယ်။ မူဆယ်နယ်စပ်ကကားတွေ ရက်ကြာနေတယ်။ ကုန်သွယ်လမ်းကြောင်းက ပဲအသစ်ရာသီမှာ ချောမွေ့ဖို့ လိုပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းကောင်း မှ ပို့ကုန်သမားတွေ အဝယ်ရှိပြီး ပဲစျေးတွေ တည်ငြိမ်နေမယ် "ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ
------------
 ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် မတ်ပဲသုံးတင်းဝင် တစ်အိတ် ကျပ် ၁၂၁,၀၀၀ ပေါက်စျေးရှိသည်။ ပဲစင်းငုံမှာစျေးကွက်တွင် ပေါက်စျေးသာရှိပြီး ပစ္စည်းအဝင်နည်းနေရာ ဒီဇင်ဘာလကုန်ရက်တွင် ပဲစင်းငုံ ၆၀ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀ပေါက်စျေးရှိသည်။ ပဲသစ်များ စျေးကွက် အတွင်း ဝင်ရောက်မှု နည်းနေသေးခြင်းကြောင့် ပမာဏများများ အရောင်းအဝယ် မရှိသေးသော်လည်း ပဲမျိုးစုံစျေးမှာ ယခင်နှစ်ထက် ပိုမိုကောင်းမွန်မည့် အခြေအနေရှိကြောင်း ပဲကုန်များက သုံးသပ်ထားသည်။

နှမ်းနက်
------
 ဒီဇင်ဘာလကုန်ပိုင်းတွင် အဝင်နည်းလာသည့် နှမ်းနက်စျေးမှာ လကုန်ပိုင်းတွင် စျေးနှုန်းကျဆင်းမှု ရပ်သွားပြီး အလတ်စနှင့် အောက်စ အရည်အသွေးများ အရောင်းအဝယ် ကောင်းနေသည်။ ဒီဇင်ဘာလ (၃၀)ရက်တွင် နှမ်းနက် အလတ်စ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၇၅,၀၀၀ ပေါက်စျေးရှိပြီး အရည်အသွေးကောင်း (ထိပ်စ အရည်အသွေးများ) အဝင်မရှိတော့ကြောင်းသိရသည်။ နှမ်းဖြူသစ် ရိုးရိုးမှာ တစ်အိတ်ကျပ် ၁၃၈,၀၀၀၊ နှမ်းညို(သစ်) ကျပ် ၁၂၀,၀၀၀ ပေါက်စျေးရှိပြီး အရောင်းအဝယ် ကောင်းနေသည်။

➡️လာမည့်ပဲသစ်ရာသီမှာ ပို့ကုန်ပဲများနှင့်ပြည်တွင်းသုံး ပဲမျိုးစုံစျေးကွက်မှာ ယခင်နှစ်ထက် ဈေးမြင့် တက်လာနိုင်ပြီး ကုန်သွယ်မှုလမ်းကြောင်းများချောမွေ့လာပါက စျေးကွက်ပိုမိုကောင်းလာနိုင်ကြောင်း ပဲ၊ နှမ်းကုန်သည်များက သုံးသပ်ထားသည်။

➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း (thefarmermedia)