menu

"ပြည်တွင်း ပြောင်းဈေးကွက်အခြေအနေ"


🍃🌽🍃🌽🍃🌽🍃🌽🍃🌽🍃

✔️အောက်တိုဘာလမှာ တက်လိုက်ကျလိုက် ပြောင်းဈေးတွေဟာ နိုဝင်ဘာလမှာ ဈေးရပြီး ဈေးတရိပ်ရိပ် တက်လာသည်။ ‌အောက်တိုဘာလမှာ နိုင်ငံခြားသင်္ဘောတင်သူတွေက နိုင်ငံခြားဒေါ်လာငွေ ဝင်ငွေလှဲလှယ်ခြင်း(earning) အပေါ်မှာ ဈေးတည်တွက်၍ ပြောင်းအဝယ်ဖွင့်‌ဈေးတွေဟာ နေ့စဉ်ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်က ပြောင်းတွေကို မန္တလေး မြစ်ကမ်းအရောက် ရောင်းချကြသောရောင်းလိုအားကလည်း များနေတော့ မန္တလေး မြစ်ဆိပ်တွေမှာ ကားတွေ ‌၃ ရက်အိပ်လောက်ကို စောင့်ပြီး ပြောင်းချရပါတယ်။ သည်ကာလမှာ ဒေါ်လာဈေး အကျနဲ့ရောင်းလိုအားများမှုတို့ကြောင့်ပြောင်းဈေးဟာ ‌မတည်မငြိမ်နဲ့ ဈေးအကျပိုင်းဘက်ကိုသာ ဦးတည်သွားနေပါတယ်။

✔️နိုဝင်ဘာ (၅) ရက်နေ့ နိုင်ငံခြားဒေါ်လာဝင်ငွေလဲလှယ်နှုန်း ၁,၇၂၀ ကျပ်နဲ့ ၊ လဲလှယ်နှုန်း ကွာဟချက် ၅% ထက်မပိုသောမူ ချမှတ်ခဲ့တော့ပြောင်းဈေးကျမယ်လို့ ‌အကြမ်းဖျင်း သတ်မှတ်နိုင်သော်လည်းထိုဒေါ်လာအလဲအလှယ်ဈေးနှုန်းမှာ ဒေါ်လာဝင်ငွေရရှိသူတို့က ရောင်းခြင်းမရှိတော့သောကြောင့် စာရင်းဖွင့်ဒေါ်လာပေါက်ဈေးသာ ဖြစ်နေခဲ့ပြီး သတ်မှတ်ဈေး အတိုင်းဘယ်သူမှရောင်းဝယ် မလုပ်သလောက်ဖြစ်ခဲ့၍ ယခုအချိန်တွင်ဒေါ်လာကြောင့် ပြောင်းဈေး အတက်အကျရိုက်ခက်မှုက မဆိုစလောက်လေးသာ ဖြစ်ပေါ်နေပါတယ်။ မန္တလေးမြစ်ဆိပ်သို့ ‌အရောင်းဆင်းနေကြသော ရှမ်းပြည်မြောက်ပိုင်း နောင်ချို ၊ နောင်ပိန် ၊ ကျောက်မဲ ပြောင်းတွေကလည်း ဒေသတွင်း ပြောင်းကောက်ယူသောဈေးနှုန်းမှာ မြင့်တက်နေလာသောကြောင့် မန္တလေးမြစ်ဆိပ်ဖွင့် ပြောင်းဈေးအတိုင်း မရောင်းပေးနိုင်တော့ပါ။ မန္တလေးမြစ်ဆိပ်ဖွင့်ဈေးနဲ့ နောင်ချိုပြောင်း ဒေသအထိုင် ဖွင့်ဈေးဟာ ဈေးခြင်းအတူတူပင်တန်းတူဖြစ်လာ၍ မန္တလေးမြစ်ဆိပ်ပို့ရောင်းသောစနစ်မှာ အရမ်းနှေးကွေးသွားခဲ့ပါတယ်။

✔️ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ ၊ လားရှိုး ၊ သိန်းနီဘက်က ပြောင်းများကတော့ အနည်းငယ်ကိုသာ မန္တလေးဆင်းရောင်းကြပြီး ချင်းရွှေဟော်လမ်း ဖွင့်မလားဟူသော ဈေးကွက်ကောင်းကိုသာ စောင့်ချင်ကြ၍ ငွေရှိသလောက်ကို ဂိုဒေါင်သိုလှောင်နေကြပါပြီ။ မြဝတီဘက်ကိုလည်း တိုက်ရိုက် ကားတင်ရောင်းရင် ဈေးတန်းတစ်ခုရနေကြ၍ မန္တလေးရောင်းသော ဈေးကွက်မှာအရောင်းနည်း နေပါတယ်။ ကချင်က ပြောင်းတွေလည်းတရုတ်နယ်စပ် ကန်ပိုက်တီ ၊ လွယ်ဂျယ် လှုပ်လှုပ်ရှားရှား ဖြစ်လာသောကြောင့် မန္တလေးမြစ်ဆိပ်အရောင်းမှာကျဆင်းသွားပါတယ်။ ဗန်းမော်ကလည်း လွယ်ဂျယ်လမ်း၊ ဝိုင်းမော်ကလည်း ကန်ပိုက်တီလမ်းရောင်းဖို့ကိုသာ ဂိုဒေါင်ထည့် ဈေးစောင့်စနစ်ကိုသာ ပြုလုပ်လာကြပါတယ်။

✔️ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက် ၊ အောက်ပန်း ၊ နမ့်ဆန် ၊ ခိုလန် တစ်လျှောက်က ပြောင်းတွေ ကတော့ ရန်ကုန်ကို တိုက်ရိုက်ကားတင်ရောင်းနေကြပါသေးတယ်။ ထိုဒေသထွက် ပြောင်းအများစုမှာ စိုထိုင်းဆ ၁၅% နဲ့ အထက်မှာသာရှိနေကြလို့ ရန်ကုန် export ဈေးကွက်မှာ ဈေးသိပ်မရ(ဈေးဖြတ်) ဖြစ်နေပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပြောင်းကို ရန်ကုန်သယ်ယူရာမှာ ကားတင်ခဈေးများနေ၍ ရှမ်းပြည်တောင်ပိုင်းပြောင်းစိုက်တောင်သူများ ပွဲရုံရောင်းချရငွေမှာဈေးအနိမ့်သာ ဖြစ်လာနိုင်ပါသေးတယ်။ မြဝတီဘက်ကလည်း ပြောင်းဈေးများနေပြီး ပြောင်းစိုထိုင်းဆ ၁၅% လောက်နဲ့ အထက်ကို ဈေးစကား သိပ်မပြောရပဲ (ဈေးမဖြတ်)သောကြောင့် ရောင်းကြသူများလာပါတယ်။ ကယားဘက် ကတော့ ဒေသမတည်ငြိမ်သောကြောင့်နဲ့ ပြောင်းအထွက်နှုန်းနည်းပါးသောကြောင့် ရန်ကုန်အရောင်း နည်းပါးပါတယ်။ အမျာအားဖြစ်ကတော့ ရှမ်းတောင်ဘက်က ပွဲရုံတွေကိုသာ တဆင့်ပြန်ရောင်းကြ ပါတယ်။

✔️မန္တလေး ပြောင်းအဝယ်ဈေးကွက်နဲ့ ရန်ကုန် ပြောင်းအဝယ်ဈေးကွက်တွေဟာ ယခုအချိန် ဒေါ်လာဈေး လည်း မကြည့်နိုင်တော့ပဲဝယ်လိုအား ဈေးကွက်ဖြစ်ပေါ်လာပါတယ်။ Export သမားများ FOB စာချုပ်များလည်း ဒီဇင်ဘာအထိ ရှိနေကြသောကြောင့် သင်္ဘောတင် ပြောင်းကုန်အချိန်မှီ ရရှိဖို့က အရေးကြီးလာပါတယ်။ FOB ဈေးကလည်း ၂၄၀ မှ ၂၆၀ အထိ ဈေးတန်းဖွင့်နိုင်၍ ပြောင်းဈေးဟာ ရန်ကုန်မှာ ဈေးတက်နိုင်လာစေပါတယ်။ ယခုလက်ရှိ ရန်ကုန်ပြောင်းဈေးက ၇၀၀ မှ ၇၁၀ ဈေးအထိ ပေါက်နေပါတယ်။ FOB ဈေး ဒေါ်လာ၂၆၀ အမှန်ရခဲ့ရင် ဖြစ်လာနိုင်သောဈေးက ၇၁၅ မှ ၇၂၅ အထိ ဖြစ်လာနိုင်ချေရှိနေပါတယ်။

အနှစ်ချုပ်
--------
နိုဝင်ဘာလအတွင်း ရန်ကုန်ဈေးမှာ ၇၀၀ ကျပ် ပတ်လည်ဈေးအခံနဲ့ ရောင်းဝယ်နေနိုင်ပါတယ်။ နိုဝင်ဘာလအတွင်း မြဝတီဈေးမှာ ၇၂၀ ကျပ် ပတ်လည်ဈေးအခံနဲ့ ရောင်းဝယ်နေနိုင်ပါတယ်။ ကချင်ပြည် တရုတ်နယ်စပ်အတွက်က ၇၅ မှ ၉၀ ယွမ် အထိ ဈေးခေါ်နေနိုင်ပါတယ်။ ရှမ်းပြည်က တရုတ်နယ်စပ်အတွက် ၈၀ မှ ၉၅ ယွမ် အထိ ဈေးရနိုင်ချေရှိပါတယ်။ တရုတ်လမ်းဖွင့်နိုင်ဖို့ကတော့ရာခိုင်နှုန်း ၄၀% သာ ရှိပါတယ်။ တရုတ်ဘက် နှစ်စဉ်ကိုတာရထားသူများလည်း နယ်စပ်ဖြတ်မရသေးပါ။ FOB က ၂၄၅ ဒေါ်လာ အထက် ဖြစ်လာနိုင်ချေ ရှိနေပါတယ်။

✔️ပြောင်းတောင်သူများအတွက် နိုဝင်ဘာလအတွက် မှန်းဆဖွင့်ဈေးမှာ သိန်းနီ ၅၈၀ မှ ၆၀၀၊ လားရှိုး ၅၉၀ မှ ၆၁၀၊ သီပေါ ၆၀၀ မှ ၆၂၀၊ နမ့်လန် ၆၀၀ မှ ၆၂၀၊ကျောက်မဲ ၆၁၀ မှ ၆၃၀၊ နောင်ချို ၆၂၀ မှ ၆၄၀၊ အောင်ပန်း ၅၈၀ မှ ၆၀၀၊ ရပ်စောက် ၅၇၅ မှ ၅၉၅၊ တောင်ကြီး ၅၇၀ မှ ၅၉၀၊ နမ့်ဆန် ၅၆၀ မှ ၅၈၀၊ဆီဆိုင် ၅၆၀ မှ ၅၈၀၊ လင်းခေး ၅၅၅ မှ ၅၇၅၊ လွိုင်ကော် ၅၅၀ မှ ၅၇၀ အခြေခံမှန်းဆဈေးတို့ဖြစ်ပြီး ၎င်းဈေးထက်ပိုရင် ရောင်းသင့်ပါတယ်။ ယခုအခြေအနေအတိုင်း ကောက်ချက်ချ မှန်းချေပေးရရင်တော့ ပြောင်းဈေး ကျစရာလမ်းမမြင်ပါဘူး။

Credit to : ATC (ဧရာကုန်သွယ်မှု ဗဟိုဌာန)

၂၂ - ၁၁ - ၂၀၂၁