menu

ပြည်တွင်း ပဲ၊နှမ်းစျေးကွက် အခြေအနေ


🌿🌽🥜🍀🥜🌽🥜🍀🥜🌽🌿

⏩တရုတ်နယ်စပ်ကုန်သွယ်မှုတွင် မူဝါဒအပြောင်းအလဲကြောင့်ဖြစ်ပေါ်လာသည့် ကုန်သွယ်မှုပုံစံအသစ်ကို ပိုကုန်သမားများ စောင့်ကြည့်နေချိန်ဖြစ်သဖြင့် ပြည်တွင်း ပဲ၊နှမ်းစျေးကွက်၌ အရောင်းအဝယ်အေး သွားပြီး စျေးနှုန်းအားဖြင့်မူကျဆင်းခြင်းမရှိကြောင်း ပဲ၊ နှမ်းကုန်သည်များထံကသိရသည်။

⏩ဒီဇင်ဘာလဆန်းပိုင်းက စျေးမြင့်တက်နေသည့်မြေပဲစျေးမှာ ဆက်လက်တည်ငြိမ်နေသော်လည်း အရောင်းအဝယ်အေးနေပြီး ယခင်သီတင်းပတ် အမြင့်စျေးအတိုင်းရှိနေသည်။ နှမ်းကုန်စည်မှာမူ စျေးကျဆင်းမှုများစွာမရှိတော့ပဲ သုံးတင်းဝင်တစ်အိတ် ကျပ် ၂၂၀,၀၀၀ တွင် ရပ်တန့်နေကာ အဝယ်အေးနေသည်။ လက်ရှိတွင် တရုတ်ကုန်သည်များက နယ်စပ်ပစ္စည်းတင်ပို့မှု မူဝါဒအသစ်တွင် ပိုမိုလာမည့် ကုန်ကျစရိတ်များကို တွက်ဆစောင့်ကြည့်နေခြင်းကြောင့် စျေးကွက်အတွင်း အရောင်းအဝယ်အေးသွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ )က ပြောသည်။

⏩“နှမ်းနဲ့မြေပဲစျေးက ပြောင်းလဲမှုမရှိပဲ ယခင်ပတ်အတိုင်း စျေးငြိမ်နေတယ်။ အရောင်းအဝယ်တွေက သွက်သွက်လက်လက် မရှိဘူး။ အဝယ်အေးသွားတယ်။ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ကုန်သည်တွေ စောင့်ကြည့်နေကြတယ်။ ပဲနှမ်းစျေးကွက်မှာ ပဲစင်းငုံ ၂၀၂၂ ခုနှစ် အသစ်တွေ ဝင်လာပြီး သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀ လောက်ပေါက်စျေး ရှိပါတယ်။ ပြည်တွင်းစားသုံးမှုကောင်းပြီး လက်ကျန်နည်းတဲ့ ပဲကြီးလည်း စျေးကောင်းနေကာတစ်အိတ်ကျပ် ၂၅၀,၀၀၀ ပေါက်စျေး ရှိနေတယ်” ဟု ၎င်းကပြောသည်။

🌿နှမ်းနက်🌿

 ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ စျေးနှုန်းကျဆင်းနေသည့် နှမ်းနက်မှာ အကျရပ်သွားပြီး တရုတ်လိုင်း အဝယ်အေးနေရာ ဒီဇင်ဘာ (၉) ရက်နေ့တွင် နှမ်းနက် ထိပ်စ ၄၅ ပိဿာသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၂၀,၀၀၀ ပေါက်စျေးရှိပြီး အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၃၀,၀၀၀ မှ ၂၂၀,၀၀၀ စျေးဖြင့် အဝယ်အေးနေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၅၄,၀၀၀၊ နှမ်းညို(သစ်) ကျပ် ၁၂၇,၀၀၀ ပေါက်စျေးရှိပြီး ရောင်းလိုအားများနေသည်။ ယခင်သီတင်းပတ် စျေးကွက်အတိုင်း အပြောင်းအလဲမရှိပဲ စျေးတည်ငြိမ်နေသည်။

🥜မြေပဲ🥜

 ယခင်သီတင်းပတ်အတွင်း စျေးတက်အဝယ်လိုက်နေသည့် မြေပဲဆံများမှာ အမြင့်စျေးအတိုင်း တည်ငြိမ်ကာ အဝယ်ကောင်းနေသည်။ စျေးကွက်အတွင်း အသစ်ဝင်ရောက်မှု နည်းလာခြင်းကြောင့် ဒီဇင်ဘာ (၉) ရက်တွင် မြေပဲလုံးဆံ(အက်စ်ဝမ်း) တစ်ပိဿာ ကျပ် ၃,၁၅၀ ၊ (မျိုး) ၃,၂၀၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၃,၀၅၀ ၊ ပြန့်လုံးဆန် တစ်ပိဿာ ကျပ် ၂,၈၀၀ အသီးသီး ပေါက်စျေးရှိသည်။

🌽ပြောင်း🌽

 ဆိုက်ကမ်းအရောက် FOB စျေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၅ ပေါက်စျေး မြင့်တက်လာ သော်လည်း ပြည်တွင်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင်ကျပ် ၁,၈၀၀ သာရှိသဖြင့် ပြောင်းစျေး သိသိသာသာ စျေးမြင့်တက်စရာမရှိသော်လည်း လက်ရှိပေါက်စျေး နယ်အကွာအဝေးအလိုက် သယ်ယူပို့ဆောင်ခကွာခြားမှု ပေါ်မူတည်ပြီး တောင်သူစျေးကျပ် ၆၃၀-၆၅၀ ပေါက်စျေးအတိုင်း အဝယ်ကောင်းနေမည်ဖြစ်ကာ စျေးကျဆင်းစရာမရှိကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးတိုးတက်နိုင်က သုံးသပ်ထားသည်။ မန္တလေးစျေးကွက်အတွင်း ပြောင်းပေါက်ဈေးမြင့်တက်ကာ အဝယ်လိုက်နေသော်လည်း ပစ္စည်းအဝင်နည်းလာသဖြင့် ဒီဇင်ဘာလ (၉)ရက်တွင် ရန်ကုန်မြောင်းတကာတွင် ပြောင်း တစ်ပိဿာ ကျပ် ၇၂၀-၇၃၀ ၊ လာရှိးတွင် တစ်ပိဿာ ကျပ် ၆၃၀ ၊ တောင်ကြီးတွင် တစ်ပိဿာ ကျပ် ၆၃၅ ၊ မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိဿာ တစ်အိတ် ကျပ် ၃၅,၅၀၀ ပေါက်စျေးရှိကြောင်း ပြောင်းကုန်သည်များထံက သိရသည်။

Sources : ရွှေမန်း (The Farmer Media)