menu

ပြည်တွင်း စားသုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာ


🥜🥜🥜🥜🥜🥜🥜🥜🥜🥜

↗️ ပြီးခဲ့တဲ့အပတ်ကအထိ ကျဆင်းနေခဲ့သည့် စားသုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း လက်လီလက်ကား ရောင်းချနေသည့်ဆီဆိုင်များမှသိရသည်။ ပြည်ပမှ တင်သွင်းနေသည့် စားသုံးဆီအမျိုးမျိုးမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ် မူတည်နေသည့်အတွက် စျေးမငြိမ်ဖြစ် နေခြင်းဖြစ်ကြောင်းသိရသည်။ 

↗️ ပြီးခဲ့သည့် အပတ်က စားအုန်းဆီ တစ်ပိဿာလျှင် ၈,၀၀၀ ကျပ် အောက်ရောက်ရှိခဲ့ပြီး လက်ရှိ တစ်ပိဿာလျှင် ၉,၀၀၀ ကျပ် အထိ ပြန်လည်ရောက်ရှိနေကြောင်း သိရသည်။ သယ်ယူပို့ဆောင်ရေး ခက်ခဲသည့်ဒေသအပေါ်မူတည်ကာ စျေးနှုန်းအပြောင်းလဲများဖြစ်နေပြီး တချို့ဒေသများ နှင့် တဆင့်ခံ ပြန်ရောင်းနေသည့်ဆိုင်များတွင် တစ်ပိဿာ လျှင် ၉,၀၀၀ အထက်ထိပေါက်စျေး ဖြစ်နေကြောင်း သိရသည်။ 

↗️ “ဆီစျေး ၈,၀၀၀ အောက် ရောက်သွားတယ်။ ဒါပေမဲ့ တစ်ပတ်တောင်မခံဘူး ၉,၀၀၀ ပြန်ဖြစ်သွားတယ်။ တချို့လက်လီဆိုင်တွေဆို ၉,၀၀၀ ကျော် သွားတယ်။ အဓိက ဒေါ်လာစျေးနဲ့ဆိုင်မယ်။ ဒေါ်လာစျေးက အတက်အကျပြောင်းနေတော့ကျလဲ ခဏပဲ” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆီလက်လီလက်ကား ရောင်းနေသည့် ဆိုင်တစ်ဆိုင်မှ ပြောသည်။ 

↗️ စျေးကွက်တွင် ဆီဈေး ၈,၀၀၀ အောက်ကျသွားစဉ်က ဆီလှောင်ထားသည့် Importer များမှာ အသည်းအသန်ထုတ်ရောင်းခဲ့ခြင်းများလည်းရှိခဲ့ကြောင်းသိရသည်။ ပြည်တွင်းထုတ်ကြိတ်ဆီများ ဖြစ်သည့် ပဲဆီ ၊နှမ်းဆီများမှာလည်း ကုန်ကြမ်းရှားလာခြင်း၊ စက်သုံးဆီစျေးများမြင့်တက်နေခြင်း တို့ကြောင့် စျေးကောင်းနေခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တချို့ထံမှ သိရသည်။ လက်ရှိ ရန်ကုန် စျေးကွက်တွင် နှမ်းဆီ တစ်ပိဿလျှင် ၁၁,၀၀၀ ကျပ်၊ ပဲဆီ တစ်ပိဿလျှင် ၁၃,၅၀၀ ကျပ် အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။ 

↗️ “စားအုန်းဆီစျေးက ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီစျေးတွေကို အမှီလိုက်နေတာ။ ပဲဆီတွေလည်း တက်နေတယ်။ ဟိုတစ်ပတ်ကမှ စျေးတွေကျသွားလို့ ပျော်နေတာ။ အခု ပြန်ဝယ်တော့ စျေးပြန်တက် သွားတယ်။ ကျရင်တော့ ခဏပဲ တက်ရင်တော့ ပြန်ကိုမဆင်းတော့ဘူး” ဟု မြန်မာမုန့်ရောင်းချသူတစ်ဦး ကပြောသည်။ 

↗️ လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆီစက်များပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိ ခြင်း၊ စက်သုံဆီစျေးများမြင့်တက်ခြင်း စသည့် အခက်အခဲများကြုံတွေ့နေရကြောင်း ဆီစက်လုပ်ငန်းရှင် များထံမှ သိရသည်။ "ကုန်ကြမ်းရှားပါးလို့ ပဲဆီစျေးတွေ မြင့်တက်နေတာလို့ ပြောလို့ရတယ်။ နောက်ပြီး လျှပ်စစ်မီးလဲ မရ စက်သုံးဆီကလဲ စျေးတွေတက်နေတော့ စျေးမြင့်လာတဲ့ သဘောပါ” ဟု ပခုက္ကူမြို့မှ မြေပဲခွဲစက်နှင့် ဆီစက်လုပ်ငန်းမှ ကိုအောင်မျိုး က ပြောထားသည်။ 

↗️ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားဆီတစ်ပိဿာ ၄,၈၅၀ ကျပ်ဖြင့် ရောင်းချပေးနေပေမယ့် လုံလောက်မှုမရှိဘူးလို့ တန်းစီဝယ်ယူသူများကဆိုသည်။ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော်အထိ ရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ ၇သိန်းကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။ 

Sources : ဖိုးချဲ (AMIA)