menu

ပြည်တွင်းဈေးကွက်ရှိပြီး စားသုံးမှုများသည့် ရွှေသွယ်ရင်စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးလာ



➡️ပြည်တွင်းဈေးကွက်ရှိပြီး စားသုံးမှုများသည့် ရွှေသွယ်ရင်စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးလာ⬅️  
🌾🌾🌾🌾🌾🌾🌾🌾🌾🌾  

▪️ပြည်ပသို့ ဆန်တင်ပို့မှုကျဆင်းနေသည့်အတွက် ပြည်တွင်းဈေးကွက်ရှိပြီး စားသုံးမှုများသည့် ရွှေသွယ်ရင်စပါးမျိုးများကို နွေစပါးစိုက်တောင်သူများ ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။ တရုတ်နိုင်ငံကဝယ်လိုအားနည်းလာ ပြီး ဈေးရရှိမှုနည်းလာခြင်းကြောင့် ပြည်ပဈေးကွက်အတွက် စိုက်ပျိုးသည့် ရက် ၉၀ နှင့် ထိုင်းနှာကောက် စပါးမျိုးများကို စိုက်ပျိုးမှုနည်းလာကြောင်း၊ ပြည်တွင်းစားသုံးမှုများပြီး တင်း ၁၀၀ ကျပ်ငါးသိန်းအထက်ရရှိသည့် ရွှေသွယ်ရင်စပါးမျိုးကို ယခုနှစ်တွင် ပြောင်းလဲစိုက်ပျိုးသည့် တောင်သူများလာ ကြောင်း ပုသိမ်ကြီးမြို့နယ်က စပါးစိုက် တောင်သူ ဦးချစ်ဝေက ပြောသည်။

▪️“မနှစ်က နွေစပါးကြမ်းခင်းဈေးက တင်း ၁၀၀ ကို ကျပ်ငါးသိန်းသတ်မှတ်ပေမယ့် ရွှေသွယ်ရင်စပါးက ကျပ် ၅၃၀၀၀၀ ကနေ ၅၄၀၀၀၀ ဈေးရတယ်။ နှာကောက်စပါးနဲ့ ရက် ၉၀ ကတော့ ကျပ်ငါးသိန်းအောက် နည်းနည်းရောက်တယ်။ ဒီနှစ်တော့ ဘယ်လိုဈေးပေါက်မယ် မသိသေး ဘူး။ ရွှေသွယ်ရင်ကတော့ ပြည်တွင်းဈေးကွက်ဆိုတော့ ကျပ်ငါးသိန်းအထက်မှာ ပေါက်ဈေးရှိနေတယ်။ 

ဒီနှစ်နွေစပါးမှာ ရွှေသွယ်ရင် ပိုစိုက်လာကြတယ်“ ဟု ၎င်းကပြောသည်။ယခုနှစ် နွေစပါးစတင်စိုက်ပျိုးချိန် ဒေါ်လာဈေးကျဆင်းနေမှုနှင့်အတူ သွင်းအားစုဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း၊ ထို့ပြင် နွေစပါး စိုက်ပျိုးမှုများသည့် ရွှေဘိုဒေသနှင့် အထက်ပိုင်းဆည်များ ဆည်ရေမပေးဝေနိုင်ခြင်းကြောင့် နွေစပါးစိုက်ပျိုးမှု လျော့ကျကာ ဓာတ်မြေသြဇာ တစ်အိတ်လျှင် ကျပ်နှစ်ထောင်ခန့် ဈေးကျသွားကြောင်း သိရသည်။  

▪️“မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်ကြီးဆည်ရေသောက် လယ်တွေကတော့ နွေစပါးအကုန်နီးပါးစိုက်ပျိုးကြပါတယ်။မနှစ်က ပုလဲတစ်အိတ် ကို ကျပ် ၂၈၀၀၀ လောက်ပေးရတာကနေ ဒီနှစ် ကျပ် ၂၆၀၀၀ ပဲ ပေးရတယ်။ 

သွင်း အားစုသာ ဈေးကျတာ လုပ်သားခက ဈေးတက်လာတယ်“ ဟု တောင်သူ ဦးချစ်ဝေက ရှင်းပြသည်။ စပါးစိုက်တောင်သူ ဦးစိုးအောင်က လည်း “နွေစပါးရွှေသွယ်ရင်ကတော့တစ်ဧကတင်း ၁၂၀ အနည်းဆုံးထွက်ပါတယ်။ ကောင်းကောင်းမလုပ်နိုင်၊ သွင်းအားစု မထည့်နိုင်ရင်တော့ တစ်ဧက တင်း ၁၀၀ အောက်ရောက်သွားရင်တော့ အမြတ်မကျန်နိုင်ဘူး“ဟု ဦးစိုးအောင်က ပြောသည်။  

▪️နွေစပါးစိုက်ပျိုးရာတွင် ပျိုးထောင် ကာ စိုက်ပျိုးသည့်စနစ်နှင့် ကြဲပက်စိုက် သည့်စနစ်တို့မှာ စိုက်ပျိုးစရိတ် ကျပ် ၇၀၀၀၀ ခန့် ကွာခြားပြီး ကောက်စိုက်သမ ခေါ်ယူရန် ခက်ခဲသည့် တောင်သူများက ပက်ကြဲစနစ်ဖြင့်သာ စိုက်ပျိုးမှုများကြောင်း သိရသည်။ မြေပြင်စက်မောင်းခကတော့ ပုံမှန်ဈေးပါပဲ။ နွားနဲ့ လယ်ကြမ်းညှိတာ ဈေးတက်လာတယ်။

မျိုးစေ့ကတော့ တစ်ဧက နှစ်တင်း မျိုးဖိုးကျပ် ၃၀၀၀၀ လောက် ကုန်တယ်။ လုပ်သားခကတော့ နေ့တစ်ပိုင်းလည်း ကျပ် ၅၀၀၀ လောက် ပေးခေါ်နေရတယ်။ ဒါတောင် ကိုယ့်လူနဲ့ကိုယ် ခေါ်တာမို့ ခေါ်ရတာ။ လုပ်သားမခေါ်နိုင်တဲ့သူတွေကတော့ ပက်ကြဲစနစ် စိုက်လိုက်တာများတယ်“ ဟု ဦးချစ်ဝေက ပြောသည်။  

▪️ယခုနှစ် နွေစပါးပေါက်ဈေးကို တင်း၁၀၀ လျှင် ကျပ်ငါးသိန်းဈေး အနည်းဆုံးထား ရောင်းချနိုင်မည်ဖြစ်သော်လည်း ရွှေသွယ်ရင်စပါးဈေးမှာ ကျပ်ငါးသိန်းအထက်တွင်ရှိနေသဖြင့် တောင်သူများ ပြောင်းလဲစိုက်ပျိုးလာခြင်းဖြစ်သည်။  

- ရွှေမန်း  
- မြန်မာ‌တောင်သူကြီးများဂျာနယ်  
- ၂၀၂၀ပြည့်နှစ် မတ်လ (၃၀)ရက်။