menu

ပြည်တွင်းဆန်ဈေးကွက် အခြေအနေ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✅ဆန်ဈေးကွက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ဟောင်းများမှာ အမြင့်ဈေးတန်းတွင်တည်ငြိမ်နေပြီး အရောင်းအဝယ်ထိုင်းလျှက်ရှိရာ လာမည့်လများ၌ ဆန်သစ်ပေါ်သော်လည်း ဆန်ဟောင်းဈေးကျရန် အလားအလာနည်းပါးသည် ဟု ဆန်ကုန်သည် ဦးပိန်းကြိုင်က သုံးသပ်ပြောကြားသည်။ လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆန်ဈေးကွက်တွင် ဆန်ဟောင်းများ အရောင်းအဝယ် ပြန်သွက်လာနိုင်ပြီး ဈေးတန်းမြင့်တက်လျှင်လည်း အနည်းငယ်သာမြင့်တက်နိုင်သည်ဟုဆိုသည်။

✅“ဆန်ဈေးက အမြင့်ဈေးမှာနေတယ်။ ရှေ့ပိုင်းမှာဝယ်ထားတာတွေရှိလို့ပါ။ ဆန်အသစ်ပေါ်လာတဲ့ ဈေးကြောင့် ဆန်ဟောင်းကမကျနိုင်ဘူး။ အဟောင်းကလည်း ၉ လနဲ့ ၁၀ လပိုင်းဆိုကုန်ပြီ။ ဆန် ဟောင်းရောင်းကောင်းမယ်။ ဈေးတက်ရင်လည်းပါးပါးပဲဖြစ်နိုင်တယ်။ ဆန်သစ်ဈေးကထောက်ထားလို့ ဈေးတက်ဖို့အခြေအနေနည်းပါတယ်”ဟု ၎င်းကပြောသည်။

✅ကမ္ဘာ့ဆန်ဈေးကွက်သို့ ၄၀ ရာနုန်းခန့်တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ၎င်းတို့နိုင်ငံ၏ စားသုံးမှုဖူလှုံရန် ဆန် ဆန်ကွဲပြည်ပတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဆန်ဝယ်ယူမှုမှာ မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာမည်ဖြစ်၍ ဝယ်လိုအားကောင်းလာမည်ဖြစ်ကြောင်း၊ Export တင်ပို့သော ဆန်များမှာ ပြည်တွင်းစားသုံးမှု ဆန်ဈေးကွက်ပေါ် သက်ရောက်မှုနည်းပါးကာ ဖူလုံမှုရှိသောကြောင့် Export ဈေးကောင်းရပါက တောင်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်းသိရသည်။

✅“တရုတ်က အိန္ဒိယကနေ ဆန်အများကြီးဝယ်တယ်။ အိန္ဒိယက မရောင်းတော့ရင် မြန်မာဘက်ကနေပိုပြီး ဝယ်လာနိုင်သလို ဗီယက်နမ်၊ ထိုင်းဘက်ကနေ ဝယ်ရတော့မယ်။ ဗီယက်နမ်နှင့် ထိုင်းကလည်း ပြည်ပတင်ပို့မှု ဆန်ဈေးနှုန်းမြှင့်ဖို့ ဆွေးနွေးနေတယ်ဆိုတော့ ကမ္ဘာ့ဆန်ဈေးကွက်မြင့်တက်လာ နိုင်တယ်” ဟု ဆက်လက်ပြောကြားသည်။ ပြည်တွင်း၌ ယခုနှစ်တွင် ဆန်အထွက်နှုန်း လျော့နည်းနိုင်ပြီး ကမ္ဘာ့ဆန်ဝယ်လိုအားများလာခြင်းကြောင့် ဆန်ဈေးကွက်တွင် အကျဘက်ထက် လက်ရှိအမြင့်ဈေးတန်း အတိုင်းသာရှိနိုင်ပြီး ဈေးတက်လာလျှင်လည်းအနည်းငယ်သာဖြစ်နိုင်သည်ဟု ဆိုသည်။

Sources : ရွှေမန်း (မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။)