menu

ပြည်တွင်းပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးအမြင့်ဈေးများ ပြန်လည်ဖြစ်လာ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✔️ ပြည်တွင်းပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးများပြန်လည်ဖြစ်လာကာ အရောင်းအဝယ် သွက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံကသိရသည်။ ဇွန်လကုန်ပိုင်းတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်းမျိုးစုံနှင့် မြေပဲဆံမှာ ဈေးကောင်းအဝယ်သွက်လာသလို၊ တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့နေသည့် ပဲတီစိမ်းနှင့် နှမ်းမျိုးစုံ၊ မြေပဲဆံ ဈေးကောင်းနေခြင်းဖြစ်သည်။

✔️ ပဲ၊ နှမ်းဈေးကွက်ဈေးကွက်တစ်ခုလုံး အမြင့်ဈေးနှင့် အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာကြောင်း၊ ဇွန်လကုန်ပိုင်းရက်များတွင် ပို့ကုန်ပဲများဈေးကျဆင်းနေရာမှ အနည်းငယ်ပြန်လည်မြင့်တက်လာသလို၊ ပြည်တွင်းသုံး ကုလားပဲ၊ မြေပဲဆံ နှင့် နှမ်းမျိုးစုံတို့ ဈေးကောင်းအဝယ်သွက်နေကြောင်း၊ လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရိုးအထက်ပိုင်းမှ မြေပဲဆံများ အဝင်နည်းလာတာ နှင့် ပြည်တွင်း ဆီစက်ပိုင်များ အဝယ်ကောင်းနေတာကြောင့်ဆီဆံ နှင့် မြေပဲလုံးဆံမှာ ဈေးမြင့်အဝယ်သွက်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✔️ “ဧရာဝတီမြစ်ရိုးက ဝင်တဲ့မြေပဲဆံတွေ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ဈေးကွက် ထဲအဝင်နည်းလာတာနဲ့ ပြည်တွင်းဆီစက်ပိုင်တွေ အဝယ်ကောင်းနေလို့ မြေပဲဆံဈေး ကောင်းလာပါတယ်။ ပို့ကုန်မတ်ပဲ နဲ့ ပဲစင်းငုံဈေးကျဆင်းနေရာကနေ အနည်းငယ်ပြန်လည် ဈေးတက်လာပါတယ်။ အလားတူ ပြည်တွင်းသုံးကုလားပဲအုပ်စုလည်း အမျိုးအစားအလိုက် တစ်အိတ် ငွေကျပ် ၃,၀၀၀ - ၅,၀၀၀ခန့် ဈေးတက်လာပါတယ်။ ပဲတီစိမ်းနဲ့ နှမ်းမျိုးစုံ လည်းဈေးကောင်းလာ ပါတယ်။ ပဲနှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ကောင်းနေပါတယ်” ဟု ၎င်းကပြောသည်။

✔️ ဇွန်(၂၇) ရက်တွင် ပို့ကုန်ပဲများ အနည်းငယ်ဈေးကျဆင်းနေရာ ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်ငွေကျပ် ၄၃၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၉၈,၀၀၀ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဆက်လက်ဈေးပြန်မြင့်တက်လာရာ ဇွန်(၂၇)ရက် တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၄,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၃,၀၀၀ အသီးသီး ပေါက်ဈေးရှိလာသည်။

✔️ ပြည်တွင်းဆီစက်ပိုင်များ ဆီဆံအဝယ်ကောင်းနေသလို ဈေးကွက်အတွင်းအဝင်နည်းနေတာကြောင့် မြေပဲဆံမှာ အဝယ်အသွက်ဆုံးဖြစ်နေသည်။ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၃၀,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၅၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် လျှင်ငွေကျပ် ၃၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၇,၆၀၀ ပေါက်ဈေး ရှိနေသည်။

✔️ ဇွန် (၂၇)ရက်တွင် နှမ်းမျိုးစုံဈေး အနည်းငယ်ဆက်လက်မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၄၇၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)