menu

ပြည်တွင်းပြောင်းဈေးကွက် ဆက်လက်တည်ငြိမ်နေမည်


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

↗️ ပြည်တွင်းပြောင်းဈေးကွက်မှာ လက်ရှိပြောင်းဈေးနှုန်းများအတိုင်းဆက်လက်တည်ငြိမ်နေမည် ဖြစ်ကြောင်း ပြောင်းကုန်သည်များထံမှသိရသည်။ ပြည်တွင်းပြောင်းဈေးကွက်မှာ ရန်ကုန်အရောက်ဈေး တစ်ပိဿာလျှင်ငွေကျပ် ၁,၆၀၀၊ မန္တလေးဈေး တစ်ပိဿာလျှင် ငွေကျပ် ၁,၅၀၀၊ တောင်ကြီးဈေး တစ်ပိဿာလျှင် ငွေကျပ် ၁,၄၅၀ အသီးသီးပေါက်ဈေးရှိနေပြီး လက်ရှိဈေးနှုန်းအတိုင်းဆက်လက်တည်ငြိမ်နေနိုင်ကြောင်း ပြောင်းပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

↗️ လက်ရှိပြောင်းတင်ပို့မှုများကို ပြည်ပနိုင်ငံများသို့တင်ပို့နေပြီး ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ(၁)ရက်နေ့မှစတင်ကာ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြန်လည်တင်ပို့သွားတော့မည်ဖြစ်သည်။ ယခင်နှစ်များက ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ချိန်တွင် ပြည်တွင်းပြောင်းဈေးကွက် ဈေးကောင်းရရှိလေ့ရှိသော်လည်း ယခုနှစ်ထိုင်းနိုင်ငံ၏ ပြောင်းဈေးကွက်မှာ ထိုင်းနိုင်ငံအရောက် ပြောင်းတစ်ပိဿာလျှင်ငွေကျပ် ၁,၇၀၀ ကျော်သာ ပေါက်ဈေးရှိနေသည်။

↗️ မြန်မာနိုင်ငံမှ ပြောင်းများကို ဖေဖော်ဝါရီ(၁)ရက်မှစတင်ကာ ပြန်လည်တင်ပို့တော့မည်ဖြစ်သော်လည်း လက်ရှိပြည်တွင်းဒေါ်လာဈေးတည်ငြိမ်နေခြင်းကလည်း ပို့ကုန်ပြောင်းဈေးကို တည်ငြိမ်နေစေခြင်းဖြစ်သလို ပြောင်းဝယ်လိုအားများသည့် တရုတ်ကုန်သည်များမှာလည်း တရုတ် နှစ်သစ်ကူးမတိုင်မီ (၁၅)ရက် မှ နှစ်သစ်ကူးနောက်ပိုင်း (၁၅)ရက်ခန့် အရောင်းအဝယ်ရပ်နားလေ့ရှိသောကြောင့် ပြည်တွင်းပြောင်းဈေးကွက်မှာ လက်ရှိနှုန်းများအတိုင်း ဖေဖော်ဝါရီ (၁၅)ရက် လောက်အထိ ဈေးတည်ငြိမ်နေနိုင်ကြောင်း ပို့ကုန်ပြောင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

↗️ "ပြည်တွင်းပြောင်းဈေးကွက်က လက်ရှိဈေးနှုန်းအတိုင်း တည်ငြိမ်နေမှာပါ။ မကြာမီ ထိုင်းနိုင်ငံ ကိုတင်ပို့နိုင်တော့မယ်ဆိုပေမယ့် ပြောင်းအဝယ်များတဲ့ တရုတ်ဈေးကွက်က တရုတ်နှစ်သစ်ကူး ပွဲတော်များ နောက်ပိုင်းမှာသာ အရောင်းအဝယ်ကောင်းလာနိုင်မှာပါ" ဟု ၎င်းကပြောသည်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီ (၁) ရက်မှစတင်ကာ ရန်ကုန်သီလဝါဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းမှ ပြန်လည်တင်ပို့သွားမည်ဖြစ်သည်။

↗️ နှစ်စဉ် မြန်မာတစ်နိုင်ငံလုံး ပြောင်းစိုက်ဧက (၂) သန်းကျော်ရှိပြီး ပြောင်းထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၃ ဒဿမ၂ သန်းကျော် ထွက်ရှိကာ ပြည်ပသို့တန်ချိန် (၂)သန်းကျော် တင်ပို့လေ့ရှိပြီး ပြည်တွင်းမှာ တန်ချိန် (၁)သန်းခန့် သုံးစွဲကြောင်းသိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)