menu

ပြည်တွင်းပြောင်းဈေးကွက် ဇွန်လဆန်းပိုင်းတွင် မြင့်တက်လာနိုင်


🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿

✅ပြည်တွင်းပြောင်းဈေးကွက်မှာ လက်ရှိမေလအတွင်း ဈေးအနည်းငယ် အေးနိုင်သော်လည်း ဇွန်လဆန်းပိုင်းတွင် ဈေးမြင့်တက်လာမည်ဟု ခန့်မှန်းကြောင်း ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများထံက သိရသည်။

✅လက်ရှိအချိန်တွင် ပြည်တွင်းပြောင်းပေါက်ဈေး တစ်ပိဿာ ကျပ် ၁,၀၀၀ ဝန်းကျင်ဆိုခြင်းမှာ ဒေသပွဲရုံကောက်ဈေးဖြစ်နေပြီး ကျပ်၁,၀၀၀ ကျော်မှသာ ပွဲရုံများက ပြန်လည်ထုတ်ရောင်းနိုင်မည့်အခြေအနေဖြစ်ကြောင်း၊ မေလမှ ဇွန်လအတွင်းတွင် ပြောင်းပေါက်ဈေးတစ်ပိဿာ ကျပ် ၁,၀၀၀ ဝန်းကျင်ဖြင့်သာပေါက်ဈေးငြိမ်နေမည်ဖြစ်ပြီး၊ ပို့ကုန်ရငွေဒေါ်လာဈေးကို အသေသတ်မှတ်ခြင်းကလည်း ပို့ကုန်ပြောင်းသမားများအပါအဝင် ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးကို အရောင်းအဝယ်အေးစက်သွားစေခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးတက်နိုင်တိုးက ပြောသည်။

✅"ပြောင်းပေါက်ဈေးက မေလထဲမှာ တစ်ပိဿာကျပ် ၁,၀၀၀ အောက်ကျဆင်းသွားမယ်၊၊ အရောင်းကတော့အေးသွားမှာပါ။ ပြောင်းဈေး ကျပ်၁,၀၀၀ ဆိုတာ နယ်ပွဲရုံပေါက်ဈေးဖြစ်နေပါပြီ။ လက်ရှိမှာ ရန်ကုန်အရောက် ပြောင်းပေါက်ဈေးက ကျပ် ၁,၀၀၀ ကျော်ရုံလေးဆိုတော့ အရောင်းမရှိတော့ပါဘူး။

✅"ဒီတော့ မေလအတွင်းမှာ ပြောင်းဈေးက မတည်မငြိမ်ဖြစ်နိုင်ပေမယ့် ဇွန်လဆန်းပိုင်းမှာတော့ မထင်မှတ်နိုင်တဲ့ ပြောင်းပေါက်ဈေးတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ပေါက်ဈေးမှာ တစ်တန် ၄၃၀ ဒေါ်လာ၊ တရုတ်ပြောင်းပေါက်ဈေးက တစ်တန် ယွမ် ၂,၈၀၀ ယွမ် လောက်ပေါက် ဈေးရှိနေပါတယ်။ မကြာမီမှာ ဂျီအေစီစီရောင်းဝယ်ခွင့်ရကုမ္ပဏီတွေက ပြောင်းတင်ပို့ခွင့်ရရှိလျှင် ပြောင်းဈေးပိုမိုကောင်းမွန်လာနိုင်ပါတယ်"ဟု ၎င်းကပြောသည်။

✅၂၀၂၂ခုနှစ် ပြောင်းရာသီအစတွင် ပြောင်းဈေးတစ်ပိဿာ ကျပ် ၈၀၀ ဝန်းကျင်သာပေါက်ဈေးရှိရာမှ ဖေဖော်ဝါရီလ မြဝတီနယ်စပ်လမ်းကြောင်းဖွင့်ချိန်တွင် တစ်ပိဿာ ကျပ် ၉၀၀ ဝန်းကျင်ဖြစ်လာခဲ့သည်။ ထိုသို့ ပြောင်းဈေးကွက်မှာ ထိုင်းနိုင်ငံသို တင်ပိုမှုနှင့်ပင်လယ်ရေကြောင်းတင်ပို့မှု အားကောင်းခဲ့ရာမှ ပြောင်းဈေး တစ်ပိဿာကျပ် ၁,၀၀၀ ကျော်ဈေးကိုရောက်ရှိခဲ့ခြင်းဖြစ်သည်။

✅လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလှဲလှယ်နှုန်းအသေ ၁,၈၅၀ သက်မှတ်လိုက်ခြင်းကြောင့် ပြောင်းတင်ပို့မှုရပ်နားသွားပြီး ပြောင်းဈေးကွက် ကျဆင်းနေခြင်းဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံသို တင်ပို့ရာလမ်းကြောင်းမှာလည်း လက်ရှိပိတ်ထားသဖြင့် ဈေးကွက်ပိုမို အေးသွားခြင်းဖြစ်သည်။

✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)