menu

ပြည်တွင်းပဲဈေးကွက်တွင် မြေပဲဆံဈေးမှာ စံချိန်တင်မြင့်တက်နေ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✅ပြည်တွင်းပဲမျိုးစုံဈေးကွက်တွင် မြေပဲဆံတစ်မျိုးတည်းသာ စံချိန်တင် ဆက်လက်ဈေးမြင့်တက်နေပြီး ကျန်ပို့ကုန်ပဲများမှာ ဈေးအနည်းငယ်သာမြင့်တက်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

✅ပြည်တွင်း ကုလားပဲအုပ်စုဝင်ဖြစ်သော ဗွီတူးကုလားပဲမှာ နယ်အဝယ်မြင့်တက်လာခြင်းကြောင့် ဈေးမြင့်တက်နေပြီး သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၆၂,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ တချိန်တည်းမှာပင် ပြည်တွင်း စားဆီဈေးမြင့်တက်နေမှုကြောင့် လက်ကျန်နည်းလာသည့် မြေပဲလုံးဆံမှာ တစ်ပိဿာကျပ် ၆,၃၀၀ အထိ စံချိန်တင်ဈေးမြင့်တက်လာသည်။ အခြားပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံတို့မှာ ဈေးအနည်းငယ်သာ မြင့်တက်လာပြီး ပဲမာလိုင်းများမှာမူ ဈေးငြိမ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✅"မြေပဲဆန်ဈေးကွက်က ဒီတစ်ပတ်မှာ ထိပ်စတစ်ပိဿာ ကျပ် ၆,၂၀၀ - ၆,၃၀၀ အထိ စံချိန်တင်ပေါက်ဈေးဖြစ်လာပါတယ်။ အခြားပို့ကုန်ပဲတွေက တဖြည်းဖြည်းလေးပဲ တက်သွားတယ်။ နယ်အဝယ်တွေကြောင့် ကုလားပဲအုပ်စုထဲက ဗွီတူးကုလားပဲက တစ်အိတ် ၁၆၂,၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ တခြား ပို့ကုန် ပဲစင်းငုံတွေက တစ်အိတ် ကျပ် ၁၅၀,၀၀၀၊ မတ်ပဲက ကျပ် ၁၆၅,၀၀၀၊ ပဲတီစိမ်းကတော့ ဈေးငြိမ်နေတယ်။ လက်ရှိ တရုတ်လိုင်းက သွားလာလို့ မကောင်းသေးလို့ ပဲဈေးကွက်အေးနေတဲ့သဘောပါ" ဟု ၎င်းက ပြောသည်။

🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘

ပြည်တွင်းပို့ကုန်သမားများမှာ ဒေါ်လာဈေးအပြောင်းအလဲကို စောင့်ကြည့်နေပြီး လက်ကျန်နည်းလာ သည့် မတ်ပဲ၊ ပဲစင်းငုံကို တဖြည်းဖြည်း ဝယ်ယူလာသဖြင့် ယခင်သီတင်းပတ်ထက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃,၀၀၀ မှ ၁၀,၀၀၀ အထိ မြင့်တက် ဝယ်ယူမှုရှိလာရာ ဩဂုတ်(၃) ရက်တွင် မတ်ပဲတစ်အိတ်ကျပ် ၁၆၅,၀၀၀၊ ပဲတီစိမ်းအညာ တစ်အိတ် ၁၃၅,၀၀၀ကျပ် နှင့် ပဲစင်းငုံ တစ်အိတ် ၁၄၇,၀၀၀ ကျပ် ပေါက်ဈေးရှိလာခဲ့သည်။

🥜မြေပဲ🥜

ပြည်တွင်း စားအုန်းဆီဈေးကွက်တွင် အဝင်အထွက်နည်းလာသဖြင့် စားဆီတစ်ပိဿာ ကျပ် ၈,၀၀၀ကျော် ပေါက်ဈေးဖြစ်လာပြီး ပြည်တွင်း ပဲဆီဈေးနှုန်းနှင့် ကွာခြားမှုနည်းလာခြင်းကြောင့် ပဲဆီစားသုံးမှုမြင့်မားလာချိန်တွင် လက်ကျန်ပဲအနည်းငယ်သာ ရှိတော့သဖြင့် ဩဂုတ်(၃) ရက်တွင် မြေပဲလုံးဆံအနီမှာ တစ်ပိဿာ ကျပ် ၆,၂၀၀ - ၆,၃၀၀ ဈေးဖြင့် စံချိန်တင် ဆက်လက်မြင့်တက်နေသည်။

✅ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပုံမှန်အရောင်းအဝယ်သာရှိပြီး လက်ကျန်နည်းလာခြင်းကြောင့် ဈေးမြင့်တက်လာရာ ကုလားပဲ V2 တစ်အိတ် ၁၆၂,၀၀၀၊ ပဲယင်း တစ်အိတ် ၁၃၀,၀၀၀၊ ပဲကြီးတစ်အိတ် ကျပ် ၂၁၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ၁၅၂,၀၀၀၊ စွန်တာပြာ တစ်အိတ် ၁၃၃,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ၁၉၀,၀၀၀ နှင့် ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၃၁၀,၀၀၀ ထိ အသီးသီးဈေးမြင့်တက်လာ သည်။

✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း