menu

ပြည်တွင်းပဲများ စျေးကွက်အခြေအနေ


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

⏩အိန္ဒိယတွင်ပဲရှားလာပြီး ပြည်တွင်း၌လည်း လက်ကျန်နည်းလာသည့်အတွက် FOB စျေးနှုန်း စျေးမာနေကြောင်း ကုန်သည်အချို့ထံမှသိရသည်။ လက်ရှိတွင် အာဖရိကပဲများ အိန္ဒိယသို့ ဝင်ရောက်နေခြင်းကြောင့်သာ အနည်းငယ်ဈေးငြိမ်နေခြင်းဖြစ်ပြီး နောက်ပိုင်းပြန်တက်နိုင်ချေရှိကြောင်း သိရသည်။

⏩“FOB စျေးနှုန်းက ပြီးခဲ့တဲ့နှစ်တဲ့ယှဉ်ရင် နှစ်ဆယ်ရာခိုင်နှုန်းခန့်တက်သွားတယ်ပြောလို့ရတယ်။ တင်ပို့မှုအခြေအနေကတော့ ပြီးခဲ့နှစ်နဲ့ယှဉ်ရင်မဆိုးပါဘူး သိပ်မကွာဘူး။ ပဲစင်းငုံကတော့ တက်ပြီးမှ ငြိမ်မယ်။ သူတို့ဆီမှာလဲပေါ်ဖို့လိုသေးတယ်။ ပြည်တွင်းမှာလဲ လက်ကျန်နည်းနေပြီ၊ အခုက တခြားနိုင်ငံကဝင်နေလို့ ခဏငြိမ်နေတဲ့သဘောပါ” ဟု အောင်လံမြို့ မှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။ ပြည်ပပေါက်စျေး FOB အနေဖြင့် မတ်ပဲတစ်တန်လျှင် ဒေါ်လာ၇၈၀ ရှိပြီး ပဲစင်းငုံတစ်တန်လျှင် ၈၃၀ခန့်ရှိကြောင်း သိရသည်။ လက်ရှိ အိန္ဒိယနိုင်ငံအနေဖြင့် မတ်ပဲကိုသာအဝယ်များပြီး ပဲစင်းငုံ အဝယ်နည်းကြောင်း သိရသည်။ 

⏩“Exportsသမားသိပ်မကိုက်ဘူးပေါ့၊ ၆၅ ရာခိုင်နှုန်း နဲ့ ၃၅ရာခိုင်နှုန်း ကြီးခံနေတော့မကိုက်ဘူး၊ ဒါက ပြင်ပပေါက်စျေးဖြစ်နေတော့ ဒါကို ပြန်ပြင်ဖို့မှန်းထားတယ်။ ဒါမရှိရင်ကိုက်ပြီ ဒါကြောင့် မတင်ပို့နိုင်တာ။ FOBက ဝယ်တော့ဝယ်တယ်၊ ဒါပေမဲ့ မတ်ပဲကို ပိုဝယ်တာများတယ်။ ပဲစင်းငုံကျ ဝယ်တာနည်းတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

⏩ထို့အပြင် လက်ရှိပြည်တွင်းလက်ကျန်နည်းပြီး ပြည်တွင်းသို့ အချို့ပြည်ပပဲများ ဝင်ရောက်မှု နည်းလာသည့်အတွက်လည်း ပြည်တွင်းပဲစျေးမှာ စျေးမာနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိရန်ကုန်စျေး မတ်ပဲ တစ်တန်လျှင် ယခင်က ၂၁သိန်း မှ ၁၈သိန်း အထိ ကျဆင်းသွားကာ ၁၈သိန်း၃သောင်း သို့ ပြန်တက်လာခြင်းဖြစ်ပြီး ပဲစင်းငုံ တစ်တန်လျှင် ယခင် ၂၂သိန်း မှ ၁၉သိန်းထိ ကျဆင်းသွားကာ လက်ရှိ ၁၉သိန်း ၅သောင်းသို့ ပြန်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

⏩စျေးနှုန်းများမှာ နေရာဒေသပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်းလည်း သိရသည်။ နောက်ပိုင်းတွင် လက်ရှိ အိန္ဒိယနိုင်ငံမှလိုအပ်ချက်အများဆုံးဖြစ်နေသည့် ပဲစင်းငုံမှာ စျေးဆက်လက်တက်နိုင်ကြောင်း ကုန်သည်အချို့က ခန့်မှန်းကြသည်။ “ပြည်တွင်းစားသုံးတဲ့ပဲတွေကတော့ ၆သောင်းဝန်းကျင်တွေပဲ ကုလားပဲ၊ ပဲကြီးတို့က အမြဲတမ်းစျေးတက်ပြီး အရောင်းဝယ်ကောင်းတယ်” ဟု မန္တလေးမှ ပဲကုန်သည်တစ်ဦးက ပြောသည်။

⏩ထို့အပြင် ပြည်တွင်းပဲအထွက်နှုန်းမှာ သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေမှုနှင့် အခြား ပြည်တွင်း အခက်ခဲများကြောင့် စိုက်ဧကများ လျော့ကျလျက်ရှိကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးသည့်ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းစျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမူဝါဒအပေါ်မှာလည်း အများကြီးသက်ဆိုင် ကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယသို့ ပဲအဓိကတင်ပို့နေပြီး တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်း နှင့် UAE နိုင်ငံများသို့ ပဲမျိုးစုံတင်ပို့နေကြောင်းသိရသည်။ 

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ (AMIA)