menu

ပြည်တွင်းစားသုံးဆီစျေးနှုန်းများ စျေးကောင်းနေ .....


🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿

↗️ လက်ရှိအခြေအနေတွင် ပြည်တွင်းစားသုံးဆီစျေးနှုန်းများ စျေးကောင်းနေကြောင်း စားသုံးဆီရောင်းချသူများ နှင့် စားသုံးသူများထံမှ သိရသည်။ 

↗️ ပြည်ပမှတင်သွင်းနေသည့် စားသုံးဆီအမျိုးမျိုးမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်ခြင်း အပါအဝင် တခြားအခက်ခဲများကြောင့် ဈေးနှုန်းများမြင့်တက်နေပြီး ပြည်တွင်းထုတ်ကြိတ်ဆီများဖြစ်သည့် ပဲဆီ၊ နှမ်းဆီများမှာလည်းကုန်ကြမ်းရှားလာခြင်း၊ စက်သုံးဆီစျေးများမြင့်တက်နေခြင်းတို့ကြောင့် စျေးကောင်း နေခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တချို့ထံမှသိရသည်။ 

↗️ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက စားသုံးဆီတစ်ပိဿာ လျှင် ၂,၀၀၀ ခန့်သာ ရှိခဲ့ကြောင်းသိရပြီး နောက်ပိုင်း တဖြည်းဖြည်း မြင့်တက်လာကာ ရန်ကုန်တွင် တစ်ပိဿာ လျှင် ၈,၇၀၀ ကျပ် အထိ ရောက်ရှိလာခဲ့ သည်။ သယ်ယူပို့ဆောင်းရေးခက်ခဲသည့်ဒေသအပေါ်မူတည်ကာ စျေးနှုန်းအပြောင်းလဲများဖြစ်နေပြီး တစ်ချို့ဒေသများ တွင်တစ်ပိဿာလျှင် ၉,၀၀၀ ကျော်ထိ ပေါက်စျေး ဖြစ်နေကြောင်းသိရသည်။ 

↗️ “စျေးတွေကတက်တော့ မနက်စျေးနဲ့ညနေစျေးကိုမတူတော့ဘူး အမြဲပြောင်းနေတာ၊ အခုဆို တစ်ပိဿာ ၈,၀၀၀ ကျော်သွားပြီး စားအုန်းဆီစျေးက ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီ စျေးတွေကို အမှီလိုက်နေတာ။ အရင်က ၉,၀၀၀ ကျော်တယ် အခု ပြန်ကျသွားတယ် ပြောလို့ရတယ်။ ပဲဆီတွေလည်း တက်နေတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆီလက်လီ၊ လက်ကားရောင်းသည့် ဆိုင်တစ်ဆိုင်မှ ပြောသည်။ ထို့အပြင် ရန်ကုန်စျေးကွက်တွင် စားအုန်းဆီ (ပဲဆီအရော) တစ်ပိဿာလျှင် ၈,၈၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ် အထိ ပေါက်စျေးရှိကြောင်း ဆီရောင်းချသူများထံမှသိရသည်။ 

↗️ “ယခုအချိန်ဟာ မြေပဲဆံလိုအပ်မှုအများဆုံးအချိန်လို့ သတ်မှတ်နိုင်ပါတယ်၊ ကုန်ကြမ်းရှားပါးတာ တွေဖြစ်ပြီး ပဲဆီစျေးတွေ မြင့်တက်နေတာလို့ ပြောလို့ရတယ်၊ နောက်ပြီး လျှပ်စစ်မီးလဲမရ စက်သုံးဆီကလဲစျေးတွေတက်နေတော့ စျေးမြင့်လာတဲ့သဘောပါ” ဟု ပခုက္ကူမြို့မှ မြေပဲခွဲစက် နှင့် ဆီစက်လုပ်ငန်း မှ ကိုအောင်မျိုး က ပြောသည်။ 

↗️ လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများရှိခြင်း၊ စက်သုံးဆီစျေးများမြင့်တက်ခြင်း စသည့် အခက်အခဲများကြုံတွေ့နေရကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။ ထိုကဲ့သို့ စျေးနှုန်းများမြင့်တက်နေခြင်းကြောင့် ပြည်ပမှတင်သွင်းနေရသည့် စားအုန်းဆီများအား စားသုံမှုလျှော့ချကာ မဖြစ်မနေစားသုံးမှုအတွက် ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီများကိုပိုမိုပြောင်းလဲ စားသုံးသင့်ကြောင်း သုံးသပ်ကြသည်။ 

↗️ “ပဲဆီတစ်ပိဿာကို ဟိုရက်က ၉,၂၀၀ နဲ့ ဝယ်ခဲ့တာ အခု တစ်သောင်းကျော်သွားပြီ စားအုန်းဆီဆို အရင် တုန်းက တစ်ပိဿာကို ၂,၀၀၀ ပဲရှိတာ၊ အခုဆို ၉,၀၀၀ နားကပ်နေပြီ၊ စျေးတွေတက်လာတော့ အရင်းအနှီးတွေ များလာတယ်” ဟု အသုပ်စုံရောင်းသူတစ်ဦးက ဆိုသည်။

↗️ လက်ရှိ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ ပူးပေါင်းကာ စားဆီ(၁)ပိဿာလျှင် ၃,၈၀၀ ကျပ် နှုန်းဖြင့် စားသုံးသူပြည်သူများအား အဆင်ပြေရန် မော်တော်ကား နှင့် လိုက်လံရောင်းချပေးနေကြောင်းလည်း သိရသည်။ 

↗️ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် (၁၀)သိန်းကျော် အထိရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ ၇သိန်း ကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။ 

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ(AMIA)