menu

ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးများမြင့်တက်လာ


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✔️ရုရှား - ယူကရိန်း စစ်ဖြစ်ပွားပြီး ယခုမတ်လဆန်းပိုင်းရက်များအတွင်း ပြည်တွင်းသုံး ကျွန်းစားတော်ပဲ များ ဈေးမြင့်တက်လာပြီး ဆက်လက်ပြီးလည်း မြင့်တက်နိုင်ချေရှိကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

✔️ရုရှား - ယူကရိန်း စစ်ဖြစ်ပွားပြီး နောက်ရက်များတွင် မြန်မာ့ပြည်တွင်းဈေးကွက်၌ တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ - ၂၀,၀၀၀ နှုန်းဖြင့် ရက်ချင်းဈေးတက်လာပြီး မတ်လ (၃) ရက်တွင် တစ်အိတ်ကျပ် ၂၅၀,၀၀၀ ထိ ပေါက်ဈေးရှိလာခြင်းဖြစ်သည်။ မြန်မာပြည်တွင်းသို့ တရုတ်နိုင်ငံဘက်လိုင်းမှ တင်သွင်းနေသည့် ကနေဒါနှင့် ယူကရိန်းတို့မှပဲများ ဝင်ရောက်လာခြင်းမရှိတော့သဖြင့် ပြည်တွင်းကျွန်းစားတော်ပဲများ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် က ပြောသည်။

✔️“ဒီရက်ပိုင်းပဲမာလိုင်းတွေ တစ်အိတ်ကျပ် ၅,၀၀၀ - ၁၀,၀၀၀ ဈေးမြင့်တက်လာတယ်။ ပို့ကုန်ပဲ မဟုတ်ဘဲ ပြည်တွင်းသုံးပဲတွေထဲမှာ ထူးထူးခြားခြား ဈေးမြင့်တက်လာတာကတော့ ကျွန်းစားတော်ပဲပါ။ တစ်ရက်ကို ၁၀,၀၀၀ - ၂၀,၀၀၀ လောက်ဈေးတက်လာတာ။ ဒီနေ့ဆိုရင် တစ်အိတ်ကျပ် ၂၅၀,၀၀၀ ထိ ပေါက်ဈေးဖြစ်သွားတယ်။ ဆက်တက်နိုင်ချေ ရှိသေးတယ်။ ဖေဖော်ဝါရီလဆန်းပိုင်း ပဲအသစ်ဝင် လာချိန်မှာ ကျွန်းစားတော်ပဲကတစ်အိတ်ကျပ် ၂၀၀,၀၀၀ ထိ ဈေးနိမ့်ဆင်းသွားတာပါ။ အဓိက အကြောင်းကတော့ ရှရှားနဲ့ ယူကရိန်းစစ်ပွဲဖြစ်တော့ ပြည်တွင်းကိုတင်သွင်းနေတဲ့ ကနေဒါ၊ ယူကရိန်း စားတော်ပဲတွေလုံး၀မလာနိုင်တော့ဘူး။ နိုင်ငံခြားက တင်သွင်းတဲ့စားတော်ပဲတွေ အဝင်မရှိတော့ ဗမာကျွန်းစားတော်ပဲက ဈေးအရမ်းမြင့်တက်လာတယ်" ဟု ၎င်းက ပြောသည်။

✔️၂၀၂၂ ခုနှစ် ပဲရာသီအသစ်မပေါ်မီ ဇန်နဝါရီလကုန်ပိုင်းရက်များတွင် ပြည်တွင်းသုံးစွဲများသည့် ကျွန်းစားတော်ပဲမှာ သုံးတင်းဝင်တစ်အိတ်ကျပ် ၃၁၀,၀၀၀ ကျော်ထိ ပဲဈေးကွက်အတွင်း အမြင့်ဆုံး ပေါက်ဈေးဖြစ်ခဲ့သည်။ ထိုနောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်မှုများ ပြန်လည်စတင်ဝင်ရောက်လာချိန် နှင့် ပြည်တွင်းပဲသစ်မျိုးစုံ အသစ်ပေါ်လာချိန်တွင် ဈေးကျဆင်းသွားရာ ဖေဖော်ဝါရီ လကုန်ပိုင်းရက်များ တွင် သုံးတင်းဝင် တစ်အိတ်ကျပ် ၂၀၀,၀၀၀ ထိဈေးကျဆင်းခဲ့သည်။

✔️ယခုနှစ် ပဲရာသီအသစ်တွင် ကျွန်းစားတော် ဖြစ်ထွန်းမှုနည်းပါးပြီး ယခင်နှစ်ထက် အထွက်နှုန်းကျဆင်း ထားခြင်း ၊ နိုင်ငံခြားအစားထိုးပဲ ကနေဒါ၊ယူကရိန်းပဲများမဝင်ရောက်နိုင်ခြင်း၊ ပြည်တွင်းကျွန်းစားတော်ပဲ မှာ စားသုံးမှုတွင်အရသာပိုမိုကောင်းမွန်ခြင်းတို့ကြောင့် လက်ရှိပေါက်ဈေးထက် ဆက်လက်မြင့်တက်လာ နိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)