menu

ပို့ကုန်ပဲများ၊ ပြည်တွင်းသုံးပဲမာလိုင်း နှင့် အသစ်ဝင်နှမ်းမျိုးစုံဈေးကွက် အခြေအနေ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

🔸အသစ်ဝင်နှမ်းမျိုးစုံမှာ ဈေးကွက်ပုံမှန်ရှိနေပြီး ပို့ကုန်ပဲများနှင့်အတူ ကုလားပဲအုပ်စုများ ဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ 

🔸အသစ်ဝင်နှမ်းမျိုးစုံဈေးကွက်မှာ အကောင်းဆုံးမဟုတ်သော်လည်း တစ်အိတ်ငွေကျပ် ၂၇၀,၀၀၀ ထိရရှိနေကြောင်း၊ နှမ်းအဟောင်းများမှာ ပေါက်ဈေးကျဆင်းနေကြောင်း၊ မြေပဲဆန်ဈေးများလည်း ဈေးမြင့်တက်ခြင်းမရှိသော်လည်း အရောင်းအဝယ်ကောင်းနေကြောင်း ပြည်တွင်းလှောင်လက်အချို့တွင် သာ လက်ကျန်ပစ္စည်းရှိတော့တာကြောင့် ဈေးဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း ပဲ၊ နှမ်းများ ပို့ကုန်အဖြစ်တင်ပို့ရာမှာ ဒေါ်လာဖြင့်သာပေးချေရန် သက်မှတ်ချက်က အဝယ်သမားများအတွက် အခက်အခဲရှိကြောင်း၊ ပို့ကုန်ပဲများ အရောင်းအဝယ်အေးတာနှင့်အတူ ပြည်တွင်းသုံးကုလားပဲ အုပ်စုလည်း ဈေးကျဆင်းနေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

🔸“နှမ်းမျိုးစုံဈေးကွက်မှာ အဝင်များနေတော့ တစ်အိတ် ငွေ ကျပ်၂၇၀,၀၀၀ ဈေးက အမြင့်ဆုံး ဖြစ်နေတယ်။ တောင်သူတွေအနေနဲ့ တစ်အိတ် ငွေကျပ် သုံးသိန်းလောက်ဆို ပျော်ပါတယ်။ လက်ရှိမှာတော့ မန္တလေးအထက်ပိုင်း နှမ်းအသစ်တွေက ဈေးကောင်းရနေတာပါ။ အရင်ဝင်ထားတဲ့ နှမ်း အဟောင်းတွေက တစ်အိတ်ငွေ ကျပ် ၂၃၀,၀၀၀ လောက်သာ ပေါက်ဈေးရှိပါတယ်။ လက်ရှိဈေး ကောင်းနေတဲ့ ကုလားပဲကတော့ တစ်အိတ် ငွေကျပ် ၂၀၀,၀၀၀ နီးပါးထိ ဈေးကောင်းနေတာကနေ ဒီရက်ပိုင်းမှာတော့ ဈေးပြုတ်ကျသွားတယ်။ V2 တစ်အိတ်ငွေကျပ် ၁၉၂,၀၀၀ ထိဈေးကျဆင်းနေတယ်။ ပဲတီစိမ်းလည်း တစ်အိတ် ငွေကျပ် ၁၄၅,၀၀၀ ဈေးကတော့တန်းနေတာပါ။ မြေပဲဆံကတော့ အသစ်ဝင်များနေတော့ ဆီဆံ တစ်ပိဿာငွေကျပ် ၄,၇၀၀ - ၄,၈၀၀ အများဆုံးပါ။ လုံးဆံ တစ်ပိဿာ ငွေကျပ် ၅,၃၀၀ - ၅,၄၀၀ ဈေးရှိပြီး ဈေးမတက်ပေမယ့် အဝင်ရှိသလောက် အရောင်းအဝယ် သွက်ပါတယ်။ မတ်ပဲဈေးကတော့ သုံးတင်းတစ်အိပ် ငွေကျပ် ၁၇၂,၀၀၀ - ၁၇၃,၀၀၀ လောက်ပဲ ပေါက်ဈေးဖြစ်နေတယ်။ ပဲစင်းငုံလည်းတစ်အိပ် ငွေကျပ် ၁၇၃,၀၀၀ - ၁၇၅,၀၀၀ သာ ပေါက်ဈေးရှိတယ်။ အဝယ်အေးတာပါ။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ခပ်အေးအေးပါ။ တရုတ်လိုင်း အဝယ်ပစ္စည်းတွေကို တင်ပို့ရောင်းချရာမှာ ပဲ၊ နှမ်းကို ဒေါ်လာနဲ့သာ ရောင်းချတာမျိုးဖြစ်နေတော့ အဝယ်သမားတွေအနေနဲ့ အခက်အခဲဖြစ်နေတော့ အဝယ်ကမသွက်ဘူးဖြစ်နေတာပါ။ ဒေါ်လာ ငွေဈေးကလည်း ငြိမ်နေတော့ ပို့ကုန်အရောင်းတန်ဖိုးကျ တက်မလာတာမျိုးပါ။ လက်ရှိအရောင်းအဝယ်မှာ ဒေါ်လာကြားခံအစား ယွမ်နဲ့ဆိုပိုကောင်းလာမှာပါ။ အခုတော့ တရုတ်လိုင်းပို့ကုန်ပစ္စည်းတွေ အေးနေလိမ့်မယ်” ဟု ၎င်းက ပြောသည်။

🔸မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🔸

နိုင်ငံခြားပဲတင်ပို့မှု မူဝါဒအပြောင်းအလဲကို စောင့်ကြည့်ရင်း အရောင်းအဝယ်လုပ်နေသည့် အခြေအနေဖြစ်တာကြောင့် ပို့ကုန်မတ်ပဲ နှင့် ပဲစင်းငုံမှာ ဈေးကွက်ကျဆင်းနေခြင်းဖြစ်ရာ နိုဝင်ဘာ (၂၃) ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၇၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်ငွေကျပ် ၁၈၀,၀၀၀ သာ ပေါက်ဈေးဖြစ်နေသည်။ ပဲတီစိမ်း(အညာ)မှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၄၅,၀၀၀ ပေါက်ဈေးရှိသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ 

🔸မြေပဲ🔸

အသစ်မြေပဲဆံအဝင် အားကောင်းနေတာကြောင့် လက်ရှိမှာ ဈေးမြင့်တက်နိုင်ခြင်းမရှိကြောင်း လက်ရှိစားအုန်းဆီဈေးကွက်မှာလည်း ဈေးကျဆင်းနေတာကြောင့် နိုဝင်ဘာ (၂၃) ရက်တွင် ထိပ်စမြေပဲဆံမှာ ငွေကျပ် ၅,၄၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်နေပြီး ဆီဆံမှာ တစ်ပိဿာငွေ ငွေကျပ် ၅,၃၀၀ - ၅,၄၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၁,၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁,၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆,၇၀၀ ပေါက်ဈေး ရှိနေ သည်။

🔸ပို့ကုန်ပဲများ အရောင်းအဝယ်အေးချိန်တွင် ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ် ပြန်လည်ကျဆင်းသွားရာ နိုဝင်ဘာ (၂၃) ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၁၉၂,၀၀၀၊ ပဲယင်းတစ်အိတ်လျှင် ငွေကျပ် ၁၁၅,၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၁၆၀,၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၃၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၂၃၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၇၅,၀၀၀ ပေါက်ဈေးဖြစ်နေသည်။

🔸သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း