menu

"ပို့ကုန်ပဲများအပါအဝင် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြင့်တည်ငြိမ်နေ"


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✅ ပြည်တွင်းပဲကုန်သည်များ၏ စောင့်ကြည့်ဝယ်ယူနေတာကြောင့် ပို့ကုန်ပဲများအပါအဝင် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အမြင့်ဈေးအတိုင်းဈေးတည်ငြိမ်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ဇွန်လပထမသီတင်းပတ်တွင် ပြည်တွင်းရွှေဈေး နှင့် ငွေလဲလှယ်နှုန်းများကို စောင့်ကြည့်နေသည့် အခြေအနေကြောင့် ပြည်တွင်း ပဲ၊ နှမ်းဈေးမှာ အပြောင်းအလဲမရှိပဲ အမြင့်ဈေးတန်းဖြင့်တည်ငြိမ်နေခြင်းဖြစ်သည်။

✅ ပြည်တွင်းပဲ၊နှမ်းဈေးကွက်မှာ ပို့ကုန်ပဲများအမြင့်ဈေးအတိုင်းရှိနေသလို ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပြည်တွင်းသုံးပဲမာလိုင်းများမှာ ထူးထူးခြားခြား ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေသော်လည်း အရောင်းသမား၊ အဝယ်သမား နှစ်ဖက်စောင့်ကြည့်နေတာကြောင့် အရောင်းအဝယ် ခပ်အေးအေးဖြစ်နေကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် နှမ်းမျိုးစုံ နှင့်မြေပဲဆံ မှာ ဈေးကျဆင်းနိုင်ခြင်းမရှိဘဲ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

✅ "ပြည်တွင်းပဲဈေးကွက်မှာ ဝယ်လိုအားနဲ့ရောင်းလိုအားကို စောင့်ကြည့်နေတဲ့အခြေအနေဆိုတော့ ပဲ၊ နှမ်းဈေးကွက်မှာ ဈေးတည်ငြိမ်နေတယ်။ အရောင်းအဝယ်ကတော့ ခပ်အေးအေးဖြစ်နေပါတယ်။ ပဲမျိုးစုံဈေးကွက်မှာ ထူးထူးခြားခြားဈေးနှုန်းအပြောင်းအလဲမရှိဈေးတည်ငြိမ်နေပါတယ်။ ပြည်တွင်းသုံး ကုလားပဲဈေးတွေလည်း ဈေးငြိမ်နေပေမယ့် နှမ်းမျိုးစုံပေါက်ဈေးတွေဈေးကောင်းနေပါတယ်။ မြေပဲအနီလုံးဆံထိပ်စ တစ်ပိဿာ ငွေကျပ်၇,၈၀၀ - ၈,၀၀၀တန်တွေကတော့ တရုတ်လိုင်း အဝယ်ကောင်းနေပါတယ်။ တရုတ်လိုင်း ဝယ်တာကျန်တဲ့မြေပဲဆံတွေကိုတော့ ပြည်တွင်းစက်ပိုင်တွေ အဝယ်ရှိနေပါတယ်။ မြေပဲဆံ ဈေးကတော့ ဈေးကျဆင်းစရာမရှိပါဘူး" ဟု ၎င်းကပြောသည်။

✅ ဇွန်(၅ )ရက်တွင် ပို့ကုန်ပဲများဈေးတည်ငြိမ်နေရာ ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်ငွေကျပ် ၄၂၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းရွှေဝါတစ်အိတ်လျှင် ငွေကျပ် ၂၁၄,၀၀၀၊ အညာတစ်အိတ်လျှင် ငွေကျပ် ၁၉၃,၀၀၀ ပေါက်ဈေးဖြင့်ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဆက်လက်ဈေးပြန်မြင့်တက်လာရာ ဇွန်(၅)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ်၂၅၀,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ်၂၆၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၈,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀ အသီးသီးဈေးမြင့်တက်လာသည်။

✅ ပြည်တွင်းသုံးပဲမာလိုင်းများမှာ တရုတ်လိုင်းအဝယ်ကောင်းသည့်ပဲအချို့ ဈေးမြင့်တက်လာ သော်လည်း ကျန်ပဲများအရောင်းအဝယ်ပုံမှန်သာရှိနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၁၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင်ငွေကျပ် ၂၇၅,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၇,၄၀၀ ပေါက်ဈေးရှိနေသည်။

✅ ဇွန်(၅)ရက်တွင် နှမ်းမျိုးစုံ ဈေးအနည်းငယ်ဆက်လက်မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ်၄၇၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)