menu

ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုများ ဈေးပြန်မြင့်တက်လာ



🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

↗️ ပို့ကုန်ပဲများဈေးပြန်မြင့်တက်လာတာနှင့်အတူ လက်ကျန်နည်းလာသည့် ပြည်တွင်းသုံးကုလားပဲအုပ်စုများ လိုက်ပါဈေးမြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကျဆင်းနေရာမှ ဩဂုတ်လဆန်းပိုင်းမှာဈေးပြန်မြင့်တက်လာသလို ပြည်တွင်းသုံးပဲမာလိုင်းများမှာလည်း ဈေးမြင့်တက်လာခြင်းမရှိသေးသော်လည်း အခြေခံအမြင့်ဈေးဖြင့် အရောင်းအဝယ်သွက်လာခြင်းဖြစ်သည်။

↗️ တရုတ်လိုင်းအဝယ်က ပမာဏမများသေးတော့ ပဲတီစိမ်းဈေးက တက်သင့်သလောက် မတက်နိုင်သေးကြောင်းနှင့် မြေပဲဆန်ဈေးမှာလည်း တည်ငြိမ်နေတာကြောင့် ပြည်တွင်းဆီစက်ပိုင်တွေ အဝယ်ကောင်းနေကြောင်း နှမ်းမျိုးစုံဈေးကွက်နဲ့ ပြည်တွင်းသုံးပဲမာလိုင်းကတော့ အခြေခံဈေးနဲ့ အရောင်းအဝယ် ပြန်ကောင်းလာကြောင်း ဈေးကျဆင်းနေတဲ့ပို့ကုန်ပဲတွေ ယခုသီတင်းပတ်မှာ ဈေးပြန်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

↗️ ပြည်တွင်းသုံးကုလားပဲအုပ်စုကတော့ လက်ကျန်နည်းလာတော့ ဈေးမြင့်တက်လာပါတယ်။ ပဲမာလိုင်းကလည်း လက်ရှိပေါက်ဈေးတွေက ဆက်မတက်ပေမယ့် အခြေခံပေါက်ဈေးနဲ့ငြိမ်နေပါတယ်။ ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံလည်း ဈေးကျဆင်းနေတာကနေ ဈေးပြန်တက်လာပါတယ်။ တရုတ်လိုင်း အဝယ်ကလည်း အများကြီးမရှိသေးတော့ ပဲတီစိမ်း၊ နှမ်းနဲ့ မြေပဲဈေးက အတက်တော့ရှိပေမယ့် အရောင်းအဝယ်သွက်နေပါတယ်။ ပြည်တွင်းဆီစက်ပိုင်တွေကအဝယ်ကောင်းနေလို့ မြေပဲဆံမျိုးစုံ အရောင်းအဝယ်ကောင်းနေပါတယ်။ တရုတ်ငွေဈေးတက်လာတော့ ကနေဒါစားတော်ပဲတွေဈေးမြင့် တက်လာပါတယ်" ´ဟု ၎င်းကပြောသည်။

↗️ ဩဂုတ်(၃)ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ သာ ပေါက်ဈေးရှိတော့သည်။ ပဲတီစိမ်းအညာ ၅၆ ဒဿမ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၅,၀၀၀ ပေါက်ဈေးရှိတော့သည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ပို့ကုန်ပဲမဟုတ်သော်လည်း လက်ကျန်နည်းလာတာကြောင့် ဩဂုတ်(၃)ရက်တွင် တစ်အိတ်လျှင်ငွေကျပ် ၁၀,၀၀၀ ခန့် ဆက်လက်ဈေးပြန်မြင့်တက်လာရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၃,၀၀၀၊ V7တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၆,၀၀၀၊ ၉၂၉ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။

↗️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၅၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၁၀,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်ငွေကျပ် ၂၁၀,၀၀၀ မြေပဲအနီလုံးဆံ(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၉,၅၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။

↗️ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် အနည်းငယ်ဈေးပြန်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၈၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း