menu

ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲများ ဈေးကွက်အခြေအနေ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

➡️ ပို့ကုန်များနှင့်အတူ ပြည်တွင်းသုံးပဲများ ဈေးဆက်လက်ကျဆင်းနေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများမှာ ဈေးဆက်လက်ကျဆင်းနေခြင်းနှင့်အတူ ပြည်တွင်းသုံးပဲများလည်း လိုက်ပါဈေးကျဆင်းနေခြင်းဖြစ်သည်။

➡️ ပဲနှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေတာကြောင့် ပို့ကုန်ဈေးတွေအပြင် ပြည်တွင်းသုံးပဲတွေအားလုံး ဈေးကျဆင်းနေကြောင်း တရုတ်လိုင်းအဝယ်ကောင်းသည့် ပဲမာလိုင်းများမှာဈေးကျဆင်းနေကြောင်း ပြည်တွင်းနယ်စုံမှ ပဲအသစ်တွေက အဝင်ရှိသလောက်အဝယ်မလိုက်ဖြစ်နေကြောင်း၊ ပဲဈေး ကျဆင်းလျှင် လှောင်လက်သမားတွေအဝယ်ကောင်းသော်လည်း ယခုနှစ်မှာ ပဲလှောင်လက်သမားများလည်း အဝယ်လျော့ကျနေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

➡️ "ပြည်တွင်းပဲဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေပါတယ်။ ပြည်တွင်းသုံးကုလားပဲများလည်း ဈေးကျဆင်းနေကာ ဒီနေ့တော့ ဈေးတန်းပြန်တက်လာပါတယ်။ ပဲမာလိုင်းများမှာ တစ်အိတ် ငွေကျပ် ၄သိန်းကျော် ပေါက်ဈေးရှိတဲ့ ပဲကြီးတွေဆိုရင် တစ်အိတ်ငွေကျပ်၂ သိန်းကျော်ပဲ ပေါက်ဈေးရှိတော့တယ်။ နယ်စုံကပဲတွေ အရင်သိမ်းထားတာမရှိတော့ဘဲ ဈေးကွက်အတွက် ချက်ချင်းတင်ပို့နေတော့ ပဲတွေအဝင်များနေတာပါ။ ပဲဈေးကျချိန် လှောင်လက်သမားတွေဝယ်လေ့ရှိပေမယ့် ဒီနှစ်မှာ လှောင် လက်သမားတွေ ဝယ်လိုအားကျဆင်းနေတာပါ။ ယခင်က အိတ် ၁၀၀၀လောက်ဝယ်တဲ့ လှောင်လက်သမားတွေက ဒီနှစ်အိတ် ၁၀၀ လောက်သာဝယ်တော့ ပဲဈေးတွေကျဆင်းနေတာပါ။ အဝင်ပဲတွေကို အထွက်အခြေအနေပေါ်မူတည်ပြီး ဈေးကတက်တာပါ။ လက်ရှိမှာ တရုတ်နိုင်ငံသို့ တင်ပို့တဲ့ ကားခတွေကဈေးမြင့်နေတော့ ပဲကုန်သည်တွေ ပဲအဝယ်လျော့ကျနေတာပါ။ လက်ရှိမှာ ပဲကုန်သည်တွေ အမှာရှိသလောက်သာ ဝယ်ယူပေးတာမျိုးဖြစ်နေတာမို့ ပဲဈေးတန်းက ကျနေခြင်းဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

➡️ မတ်(၂၁)ရက်တွင် ပို့ကုန်ပဲများဈေးကျဆင်းနေရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၅၂,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာမှာ တစ်အိတ်လျှင် ငွေကျပ် ၁၅၀,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေရာ မတ်(၂၁)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၂၈,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၆,၀၀၀ အသီးသီးဈေးကျဆင်းလာသည်။

➡️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ နယ်စုံမှ အသစ်ဝင်ရောက်မှုများနေတာကြောင့် ဈေးကျဆင်း နေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၅၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၁၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇,၈၀၀ - ၈,၀၀၀ ဈေးကျဆင်းနေသည်။

➡️ မတ်(၂၁)ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၀၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၀၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)