menu

ပုံမှန်ဈေး၏ နှစ်ဆဖြစ်လာသော ဖရဲဈေး


🍃🍉🍃🍉🍃🍉🍃🍉🍃🍉🍃🍉🍃  

▪️ယခုနှစ်တွင် ဖရဲစိုက်ပျိုးမှု လျော့ကျသည့်အပြင် လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်သို့ ဖရဲကားများ ဝင်ရောက်နိုင်မှု နည်းပါးသဖြင့် ဖရဲတစ်တန်လျှင် ယွမ် ၆,၀၀၀ ထိ စံချိန်တင် အမြင့်ဆုံးဈေး ရရှိခဲ့ကြောင်း သိရသည်။  

▪️တရုတ်နိုင်ငံဘက်သို့တင်ပို့ရန် မူဆယ်အသီးကွင်းအတွင်း ဖရဲကားစီးရေ ၂ဝဝ ခန့်ရှိနေသော်လည်း ကျင်စန်းကျော့ နယ်စပ်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများကြောင့် အစီးရေ ၃၀ ခန့်သာ ဝင်ရောက်ရောင်းချနိုင်သဖြင့် ဝယ်လက် များပြားကာ ဈေးအမြင့်ဆုံး ရရှိခဲ့ခြင်းဖြစ်သည်။  

▪️သို့သော် ကားအစီးရေ အများအပြား ဝင်ရောက်နိုင်ပါက ဖရဲသီးဈေးပြန်လည် ကျဆင်းနိုင်ကြောင်း နှင့် လက်ရှိတွင် အခြားပို့ကုန်ကားများနှင့်အတူ တန်းစီရန် မလိုတော့သော်လည်း တစ်လှည့်စီဝင်ရောက်ရ သဖြင့် တစ်ရက်လျှင် ဖရဲကားများ အပါအဝင် ကုန်ကား အစီး ၁၃၀ ခန့်သာ ဝင်ရောက်နိုင်ကြောင်း ခွာညိုပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။  

▪️"တစ်ရက်ကို အစီး ၃ဝကျော်ပဲ ဝင်နိုင်တော့ ဝယ်လိုအားကောင်းပြီး ဖရဲတစ်တန် ယွမ် ၅,ဝဝဝ-၆,ဝဝဝ ထိ ဈေးကောင်းရနေတယ်။ တရုတ်ဘက်က စစ်ဆေးမှု ကြန့်ကြာနေတော့ တစ်ရက်ကို ကုန်ကားအစီး ၁၃၀ ကျော်လောက်ပဲ ဝင်နိုင်တယ်။ဒီရက်ပိုင်းမှာတော့သခွား အသီးကား၁ဝစီးလောက်ဈေးကွက်တင်လာပါပြီ။ နိုဝင်ဘာ (၁၂-၁၃) ရက်တွေမှာ ၈၅၅ ဖရဲရှမ်းသီးက တစ်တန်ယွမ် ၆,ဝဝဝ ထိ ဈေးရလာတယ်။ဗမာသီး က ယွမ် ၅,ဝဝဝ ထိ စံချိန်တင် ဈေးရရှိလာတယ်။နောက်ရက်တွေ ကားအဝင် မြန်ဆန်လာလို့အစီး ၆၀-၇၀ ဖြစ်လာရင်တော့ ဒီဈေးတန်း ပြန်ကျသွားနိုင်တယ်" ဟု၄င်းက ပြောသည်။  

▪️မြန်မာဖရဲတင်ပို့မှုဈေးကွက်မှာ နိုဝင်ဘာလဆန်းပိုင်းက ၈၅၅ ဖရဲ တစ်တန် အမြင့်ဆုံး ယွမ် ၄,၇ဝဝ ပေါက်ဈေးရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကာ ဖရဲဈေးကွက်တစ်လျှောက် စံချိန်တင် အမြင့်ဈေးရရှိခြင်းဖြစ်သည်။ 

 ▪️မြန်မာတောင်သူများ ယခုနှစ် ဖရဲ စိုက်ပျိုးမှု လျော့ကျခြင်းကြောင့် ဖရဲရာသီအစ မူဆယ်ဈေးကွက်သို့ ဖရဲသီး ဝင်ရောက်မှု နည်းပါးနေသဖြင့် ဖရဲသီးဈေးမှာ အမြင့်တန်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုလကုန်အထိ လက်ရှိဈေးနှုန်းတွင် တည်ငြိမ်နေနိုင်ကြောင်း ပွဲရုံများက သုံးသပ်ထားသည်။ပုံမှန်တင်ပို့မှု ရာသီတွင် ဖရဲဈေးကွက်မှာ တစ်ကီလိုလျှင် ၃ ယွမ်ခန့်သာ ပေါက်ဈေးရှိသဖြင့်လက်ရှိဈေး မှာ နှစ်ဆအနေအထား ဖြစ်နေသည်။ 

Sources: The Farmer Media.